ကုန်သွယ်လုပ်ငန်းခွန်/အထူးကုန်စည်ခွန်များ လစဉ် ကျသင့်ခွန် ပေးဆောင်ခြင်းနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ချက်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

ကုန်သွယ်လုပ်ငန်းခွန်/အထူးကုန်စည်ခွန်များ လစဉ် ကျသင့်ခွန် ပေးဆောင်ခြင်းနှင့်

ပတ်သက်၍ အသိပေးနှိုးဆော်ချက်

၁။    တည်ဆဲကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(က) အရ မည်သူမဆို နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သော ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေရှိလျှင် လစဉ်ကျသင့်သောအခွန်ကို သက်ဆိုင်ရာလကုန်ဆုံးပြီး (၁၀)ရက်အတွင်း ပေးဆောင်ရမည်ဖြစ်ပါသည်။

၂။  တည်ဆဲအထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၈ အရ အထူးကုန်စည်ကို ပြည်တွင်း၌ထုတ်လုပ်ခြင်းအတွက် ရောင်းချသည့်လ၏ လကုန်ဆုံးပြီး (၁၀)ရက်အတွင်း၊ ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ထားသည့် အထူးကုန်စည်များဖြစ်ပါက ထုတ်လုပ်သည့်လ၏လကုန်ဆုံးပြီး (၁၀)ရက်အတွင်း၊ ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက တင်ပို့သည့် လ၏  လကုန်ဆုံးပြီး(၁၀)ရက်အတွင်း အထူးကုန်စည်ခွန်ကို ပေးဆောင်ရပါမည်။

၃။   တည်ဆဲအခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ) အရ မည်သူမဆို အခွန်ဥပဒေ တစ်ရပ်ရပ်နှင့်အညီ အရစ်ကျပေးဆောင်ရမည့် အခွန်အားလုံးကိုဖြစ်စေ၊ ယင်း၏အစိတ်အပိုင်းကိုဖြစ်စေ အဆိုပါအရစ်အတွက် ပေးဆောင်ရန် သတ်မှတ်ရက်အတွင်း ပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင်ခြင်းမရှိသေးသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသည့် ပမာဏကို နောက်ကျပေးသွင်းမှုအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည် ဖြစ်ပါသည်။

၄။      အခွန်ထမ်းပြည်သူများအနေဖြင့် မိမိတို့လုပ်ငန်းအလိုက် လစဉ်ပေးသွင်းရမည့် ကုန်သွယ်လုပ်ငန်းခွန်(သို့မဟုတ်)အထူးကုန်စည်ခွန်တို့ကို သတ်မှတ်ရက်အတွင်း ပေးသွင်းကြပါရန်  နှိုးဆော်ပန်ကြားအပ်ပါသည်။

၅။    မရှင်းလင်းသည့်အချက်များကို အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (သို့မဟုတ်) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) (သို့မဟုတ်)  ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ်၊ ၄၆ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၃၃ ၊ ၀၆၇-၃၄၃၀၅၂၂၊ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁ ၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂၊ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)၆၅ လမ်း၊ ၂၂ x ၂၃ လမ်းကြား၊ ဖုန်းနံပါတ် - ၀၂-၄၀၃၀၁၉၂ သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

 

 

ပုံ (မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန