တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများ MPU Debit Card ကိုအသုံးပြု၍ Online မှအခွန်ပေးဆောင်နိုင်ပါကြောင်း အသိပေးကြေညာခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများ MPU Debit Card ကိုအသုံးပြု၍ Online မှအခွန်ပေးဆောင်နိုင်ပါကြောင်း အသိပေးကြေညာခြင်း

၁။   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ပေးဆောင်မှု အဆင့်များတွင် လွယ်ကူမြန်ဆန်စေရန်ရည်ရွယ်၍ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ် အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများမှ ကုမ္ပဏီအခွန်ထမ်းများ၏ အခွန်ပေးဆောင်ခြင်းကို အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းများဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ယက်စနစ် CBM-Net မှတစ်ဆင့် လည်းကောင်း၊ MPU Debit Card ကိုအသုံးပြု၍ Online မှလည်းကောင်း ပေးဆောင်နိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

၂။   ထို့ပြင် တစ်ဦးချင်းပုဂ္ဂိုလ် အခွန်ထမ်းများအနေဖြင့် မိုဘိုင်းငွေပေးချေမှုနည်းလမ်း ၊ MPU E-Commerce ကိုအသုံးပြု၍ ငွေပေးချေမှု နည်းလမ်းစသည့် အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းများဖြင့် အခွန်ပေး‌ဆောင်နိုင်ရန် အဆင့်လိုက်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

၃။   ယခုအခါ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လ ၇ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၃၁) ရုံးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၅) ရုံးတို့တွင် အခွန်ထမ်းဆောင်လျက်ရှိသော တစ်ဦးချင်းပုဂ္ဂိုလ် အခွန်ထမ်းများ အနေဖြင့် E-Commerce ဖွင့်လှစ်ထားသော MPU Debit Card ကို အသုံးပြု၍ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mmStart Your Tax Online Payment မှတစ်ဆင့် အခွန်ပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။

၄။      MPU Debit Card ကိုအသုံးပြု၍ အခွန်ပေးသွင်းပြီးပါက စနစ်မှ အခွန်ပေးသွင်းသူထံသို့ Transaction Successful ဖြစ်ကြောင်း E-mail ကနဦးပေးပို့မည်ဖြစ်ပြီး သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများတွင် အခွန်ငွေလက်ခံရရှိပြီးပါက ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေ ပေးသွင်းပြီးကြောင်း အထောက်အထား [ပတခ(e-payment)] ကိုအခွန်ထမ်းထံသို့ ပေးပို့အကြောင်းကြားမည် ဖြစ်ပါသည်။

၅။      အခွန်ထမ်းများအနေဖြင့် အီလက်ထရောနစ်နည်းဖြင့် အခွန်ပေးသွင်းခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ဝင်ရောက်ကြည့်ရှု၍လည်းကောင်း၊ ပြန်ကြားရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်-၄၆၊ နေပြည်တော်၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ (e-Payment Section) ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ နှင့် သက်ဆိုင်ရာအခွန်ရုံးများသို့လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန