ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ကုန်သွယ်လုပ်ငန်းခွန် နှစ်ချုပ်ကြေညာလွှာတင်သွင်းရန် နှိုးဆော်ခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ကုန်သွယ်လုပ်ငန်းခွန် နှစ်ချုပ်ကြေညာလွှာတင်သွင်းရန် နှိုးဆော်ခြင်း

၁။   ဝင်ငွေနှစ်၊ ရောင်းရငွေ၊ ရငွေ ရရှိသောနှစ်။             ကြေညာလွှာပြုစုတင်သွင်းရမည့် ဝင်ငွေနှစ်၊ ရောင်းရငွေ၊ ရငွေရရှိသောနှစ်(စာရင်းပြုစုရမည့်ကာလ) သတ်မှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

( က )  နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် ဘဏ်များအပါအဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိကာလ၊

( ခ  )  ကျန်တစ်ဉီးချင်းပုဂ္ဂိုလ်နှင့် ပုဂ္ဂိုလ်စု၊ အဖွဲ့အစည်းများအတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိကာလ၊

၂။   ကြေညာလွှာလက်ခံမည့်ရုံးများ။      လက်ရှိအခွန်ထမ်းဖြစ်ပါက ဆိုင်ရာအခွန်စီမံခန့်ခွဲမှုကို ဆောင်ရွက်နေသောရုံးတွင် တင်သွင်းရန်ဖြစ်ပြီး အခွန်ထမ်းသစ်ကုမ္ပဏီဖြစ်ပါက နိုင်ငံခြားကုမ္ပဏီကို အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၂)တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာကုမ္ပဏီဖြစ်ပါက အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၄)တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြန်မာကုမ္ပဏီဖြစ်ပါက အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၅)တွင်လည်းကောင်း၊ ကျန်တိုင်းဒေသကြီး/ပြည်နယ်ရှိ မြန်မာကုမ္ပဏီဖြစ်ပါက ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်လည်းကောင်း၊ တစ်ဦးချင်းအခွန်ထမ်းဖြစ်ပါက ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်လည်းကောင်း တင်သွင်းရန် ဖြစ်ပါသည်။

၃။      တင်သွင်းနိုင်သည့်နည်းလမ်း။   အောက်ပါနည်းလမ်း (၂)မျိုးဖြင့် တင်သွင်းနိုင်ပါသည်-

( က )  လူကိုယ်တိုင် ပေးပို့တင်သွင်းခြင်း။       လူကိုယ်တိုင်ပေးပို့ခြင်းဖြစ်ပါက လက်ခံဖြတ်ပိုင်းတွင် ဦးစီးဌာနက တံဆိပ်ရိုက်နှိပ် ဖော်ပြသည့်နေ့တွင် တင်သွင်းသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။

( ခ  )  စာတိုက်မှပေးပို့ခြင်း။         စာတိုက်မှပေးပို့ခြင်းဖြစ်ပါက ပေးပို့သည့် စာတိုက်တံဆိပ်ပါ နေ့ရက်တွင်လည်းကောင်း တင်သွင်းသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။

၄။      ကြေညာလွှာဖြည့်စွက်ခြင်း။        အခွန်ထမ်းသည် အခွန်ကြေညာလွှာများ၏ မှန်ကန်တိကျမှုနှင့် ပြည့်စုံမှုကို တာဝန်ခံရမည်ဖြစ်ပါသဖြင့် သတ်မှတ်ကြေညာလွှာပုံစံများကို ပြည့်စုံစွာဖြည့်စွက်ရန် လိုအပ်ပါသည်။

၅။   ကြေညာလွှာပုံစံတွင် အခွန်ထမ်းကိုယ်တိုင် လက်မှတ်ရေးထိုးတင်သွင်းရမည်ဖြစ်ပါသည်။ အခွန်ကြေညာလွှာ သို့မဟုတ် အခွန်ကြေညာလွှာ၏ တစ်စိတ်တစ်ပိုင်းကို အခကြေးငွေရယူ၍ ပြင်ဆင်ပေးခြင်းဖြစ်ပါက ပြင်ဆင်ပေးသည့် ပုဂ္ဂိုလ်ကလည်း ကြေညာလွှာတွင် ပူးတွဲလက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။

၆။      တင်သွင်းရမည့်နောက်ဆုံးရက်။    ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ(၂)ရက် (ကြာသပတေးနေ့) ဖြစ်ပါသည်။         

(မှတ်ချက်။     သက်ဆိုင်ရာဥပဒေများအရ ကြေညာလွှာ တင်သွင်းရမည့် နောက်ဆုံး နေ့ဖြစ်သော (၃၁-၁၂-၂၀၁၉) ရက်၊ အင်္ဂါနေ့သည် နိုင်ငံတကာနှစ်သစ်ကူး အကြိုနေ့ ရုံးပိတ်ရက်ဖြစ်ပြီး (၁-၁-၂၀၂၀) ရက်၊ ဗုဒ္ဓဟူးနေ့သည်လည်း နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက် ဖြစ်သောကြောင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က)အရ ယင်းနေ့နှင့် နောက်တစ်ဆက်တည်းဖြစ်သော အများပြည်သူရုံးဖွင့်‌ရက်ဖြစ်သည့် ၂-၁-၂၀၂၀ နေ့ကို သတ်မှတ်ခြင်း ဖြစ်ပါသည်။)

၇။      ဒဏ်ကြေးငွေ။ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    အခွန်ကြေညာလွှာများကို အချိန်မီတင်သွင်းရန် ပျက်ကွက်ပါက  အောက်ပါဒဏ်ကြေးငွေ နှစ်ရပ်အနက်မှ များရာဒဏ်ကြေးငွေကို ပေးဆောင်ရမည် ဖြစ်ပါသည်-

         (၁)   ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန်သတ်မှတ်ထားသည့်နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏ အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊

         (၂)    ငွေကျပ်တစ်သိန်း။

(ခ)     အကယ်၍ အခွန်ကြေညာလွှာတွင် မမှန်ကန်သောဖော်ပြချက်တစ်ခု သို့မဟုတ်  အခွန်လျော့နည်းစေသော သော့ချက်တစ်ခုခုအား ချန်လှပ်ထားခဲ့ခြင်းတို့ကို အခွန်ထမ်းက ကြိုတင်ကြံရွယ်ချက်ဖြင့်ပြုလုပ်ခြင်း သို့မဟုတ် လျစ်လျူရှူခြင်းဖြစ်ပါက အောက်ပါအတိုင်း ယင်းငွေတစ်ရပ်ရပ်ကို ပေးဆောင်ရမည်ဖြစ်ပါသည် -

        (၁)   လျော့နည်းပေးဆောင်သည့်အခွန်သည် ကျပ်သိန်း တစ်ထောင်အောက်ဖြစ်လျှင် သို့မဟုတ် ပေးဆောင်ရမည့်အခွန်၏  ၅၀ ရာခိုင်နှုန်း အထက်မကျော်လွန်လျှင် လျော့နည်းပေးဆောင်ရမည့် အခွန်ပမာဏ၏ ၂၅ ရာခိုင်နှုန်း

        (၂)     လျော့နည်းပေးဆောင်သည့် အခွန်ပမာဏသည် ကျပ်သိန်းတစ်ထောင်ထက်ကျော်လွန်လျှင် သို့မဟုတ် ပေးဆောင်ရမည့် အခွန်၏ ၅၀ ရာခိုင်နှုန်းထက်ကျော်လွန်လျှင် လျော့နည်းပေးဆောင်သည့် အခွန်ပမာဏ၏ ၇၅ ရာခိုင်နှုန်း။

ဝင်ငွေခွန်ကြေညာလွှာ

၈။      ကြေညာလွှာတင်သွင်းရန် တာဝန်ရှိသူ။       ဝင်ငွေခွန်စည်းကြပ်မှုခံယူမည့် ကုမ္ပဏီ၊ အစုစပ်လုပ်ငန်းနှင့် ဖက်စပ်လုပ်ငန်း၊ သမဝါယမအသင်း၊ ယင်းအသင်းနှင့် စုပေါင်းလယ်ယာအဖွဲ့များ၊ တစ်ဦးချင်းပုဂ္ဂိုလ်(လစာခေါင်းစဉ်မှဝင်ငွေသာ ရရှိသူမပါ)၊ တစ်ဦးချင်း     ပုဂ္ဂိုလ်တို့ စုပေါင်းထားသည့် အဖွဲ့အစည်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်၍ဖွဲ့စည်းထားသည့် အဖွဲ့အစည်း (သို့မဟုတ်) အသင်းအဖွဲ့တို့သည် ဝင်ငွေနှစ်အတွင်း ဝင်ငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဝင်ငွေခွန်ကြေညာလွှာ သတ်မှတ်ရက်အတွင်း        တင်သွင်းရန် လိုအပ်ပါသည်။ လစာခေါင်းစဉ်မှဝင်ငွေသာ ရရှိသူဖြစ်ပါက ကြေညာလွှာတင်သွင်းရန် မလိုအပ်ပါ။

၉။      ပူးတွဲတင်သွင်းရန်။     အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)  အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁)ရှိ အခွန်ထမ်းဖြစ်ပါက သတ်မှတ်ကြေညာလွှာပုံစံ၌ ဖော်ပြပါရှိသောညွှန်ကြားချက်များကို သေချာစွာဖတ်ရှုလိုက်နာဆောင်ရွက်ရန်ဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်း တင်သွင်းရန် မလိုအပ်ပါ။

(ခ)  ကျန်ရုံးများမှ အခွန်ထမ်းဖြစ်၍ စီးပွားရေးလုပ်ငန်းမှဝင်ငွေ ရရှိသူဖြစ်ပါက ထားရှိရမည့်စာရင်းများ အပါအဝင်ဖြစ်သော သက်ဆိုင်ရာနှစ်အတွက် ဘဏ္ဍာရေး ရှင်းတမ်းတစ်စောင်ကို ဝင်ငွေခွန်ကြေညာလွှာနှင့် ပူးတွဲတင်ပြရန် လိုအပ်ပါ သည်။

လစာနှစ်ချုပ်စာရင်း

၁၀။    အလုပ်ရှင်သည် မိမိဝန်ထမ်းများအတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်အထိ (၆)လတာ ကာလအတွက် လစာနှစ်ချုပ်စာရင်းကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သတ်မှတ်ရက်အတွင်း ပေးပို့ရန်လိုအပ်ပါသည်။

ကုန်သွယ်လုပ်ငန်းခွန်နှစ်ချုပ် ကြေညာလွှာ

၁၁။    နှစ်ချုပ်ကြေညာလွှာ တင်သွင်းရန် တာဝန်ရှိသူ။    သတ်မှတ်ကာလအတွင်း စည်းကြပ်ထိုက်သည့် ရောင်းရငွေ၊ ရငွေရရှိသူ မည်သူမဆို အောက်ဖော်ပြပါ ဆောင်ရွက်မှုများအတွက် နှစ်ချုပ်ကုန်ရောင်းကြေညာလွှာ (သို့မဟုတ်) နှစ်ချုပ်           ဝန်ဆောင်မှုကြေညာလွှာကို သတ်မှတ်ရက်အတွင်း အချိန်မီတင်သွင်းရန် လိုအပ်ပါသည်-

( က )  ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်ရောင်းချခြင်း၊

( ခ  )  ကုန်စည်တင်သွင်းခြင်း၊

( ဂ )  ကုန်သွယ်မှုဆောင်ရွက်ခြင်း၊

( ဃ )  ဝန်ဆောင်မှုဆောင်ရွက်ခြင်း။

၁၂။     စုံစမ်းရန်။       မရှင်းလင်းသည့် အချက်များကို သက်ဆိုင်ရာရုံးများနှင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး အခြားလိုအပ်ချက်များရှိပါက အောက်ဖော်ပြပါ ဝန်ဆောင်မှုရုံးများကိုလည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည် -

( က )  အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ်၊ ၄၆ ပြည်တွင်းအခွန် များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၃၃ ၊ ၀၆၇-၃၄၃၀၅၂၂၊

( ခ  )  အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁ ၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊    ၀၁-၃၇၈၃၇၂၊

( ဂ )  အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း ၊ ၂၂ x ၂၃ လမ်းကြား ၊ ဖုန်းနံပါတ် - ၀၂-၄၀၃၀၁၉၂

(ပုံ) မင်းထွဋ်

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန