ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း

၁။ ဝင်ငွေနှစ်၊ ရောင်းရငွေ/ ရငွေရရှိသောနှစ်။  ကြေညာလွှာပြုစုတင်သွင်းရမည့် ဝင်ငွေနှစ်၊ ရောင်းရငွေ၊ ရငွေရရှိသောနှစ် (စာရင်းပြုစုရမည့်ကာလ) သတ်မှတ်ချက်မှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ဖြစ်ပါသည်။

၂။ ကြေညာလွှာလက်ခံမည့်ရုံးများ။  လက်ရှိအခွန်ထမ်းဖြစ်ပါက ဆိုင်ရာအခွန်စည်းကြပ်မှုခံယူနေသောရုံးတွင် တင်သွင်းရန်ဖြစ်ပါသည်။ အခွန်ထမ်းမဖြစ်သေးသော ကုမ္ပဏီအသစ်ဖြစ်ပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံးသို့ အခွန်ထမ်းမှတ်ပုံတင်ရန်နှင့် အခွန် စည်းကြပ်မှုခံယူရမည့်ရုံး သတ်မှတ်ပေးရန် ဦးစွာလျှောက်ထားရန်ဖြစ်ပြီး အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံးက သတ်မှတ်ပေးသည့်အခွန်ရုံးတွင် ကြေညာလွှာတင်သွင်းရန်ဖြစ်ပါသည်။ အခွန်ထမ်းမဖြစ်သေးသော တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက ဆိုင်ရာမြို့နယ်အခွန်ဦးစီး ဌာန မှူးရုံးများတွင် တင်သွင်းရန်ဖြစ်ပါသည်။

၃။ တင်သွင်းနိုင်သည့်နည်းလမ်း။  အောက်ပါနည်းလမ်း(၃)မျိုးဖြင့် တင်သွင်းနိုင်ပါသည်-

(က) လူကိုယ်တိုင်ပေးပို့တင်သွင်းခြင်း။  လူကိုယ်တိုင်ပေးပို့ခြင်းဖြစ်ပါက လက်ခံဖြတ်ပိုင်းတွင် ဦးစီးဌာနက တံဆိပ်ရိုက်နှိပ်ဖော်ပြသည့်နေ့တွင် တင်သွင်းသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။

(ခ) စာတိုက်မှ ပေးပို့တင်သွင်းခြင်း။  စာတိုက်မှပေးပို့ခြင်းဖြစ်ပါက ပေးပို့သည့် စာတိုက်တံဆိပ်ပါရက်စွဲတွင် တင်သွင်းသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။

(ဂ) အီလက်ထရောနစ်နည်းဖြင့် ပေးပို့တင်သွင်းခြင်း။  အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်းဖြစ်ပါက ဦးစီးဌာနက အီလက်ထရောနစ်နည်းဖြင့် လက်ခံရရှိသည့်နေ့တွင် တင်သွင်းသည်ဟု မှတ်ယူမည်ဖြစ်ပါသည်။ ယင်းနေ့သည် အများပြည်သူရုံးပိတ်ရက်တွင် ကျရောက်လျှင် ယင်းနေ့နှင့်နောက်တစ်ဆက်တည်းဖြစ်သော အများပြည်သူရုံးဖွင့်ရက်တွင် လက်ခံရရှိသည်ဟု မှတ်ယူမည်ဖြစ်ပါသည်။ အီလက်ထရောနစ်နည်းဖြင့် တင်သွင်းခြင်းဆိုသည်မှာ အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် (e-Filing Management System) ကိုအသုံးပြု၍ ကြေညာလွှာတင်သွင်းခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ အခွန်ကြေညာလွှာများကို စနစ်အသုံးပြု၍တင်သွင်းရာတွင် ဖြည့်သွင်းသော အချက်အလက်များ၏ မှန်ကန်တိကျမှုနှင့် ပြည့်စုံမှုအတွက် အခွန်ထမ်း၏လက်မှတ် မှတ်တမ်း (မူရင်း)ကို သက်ဆိုင်ရာအခွန်ရုံးများသို့ စာတိုက်မှတစ်ဆင့် (သို့မဟုတ်) သင့်လျော်ရာနည်းဖြင့် ကြိုတင်ပေးပို့ထားရမည် ဖြစ်ပါသည်။ အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ်အသုံးပြုနိုင်ရန်အတွက် Account Registration ပြုလုပ်ပုံနှင့် စနစ်အသုံးပြု၍ ကြေညာလွှာတင်သွင်းပုံအဆင့်ဆင့် ဗွီဒီယိုဖိုင် (User Guide Video Files) များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.ird.gov.mm >> Media Menu >> https://www.ird.gov.mm/my/content/video တွင်လေ့လာနိုင် ပါသည်။

(မှတ်ချက်။  အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် ရန်ကုန်မြို့ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများ၏ အခွန်ထမ်းများအနေဖြင့် အီလက်ထရောနစ်နည်းဖြင့်သာ ကြေညာလွှာတင်သွင်းကြရန် ဖြစ်ပါသည်။)

၄။ ကြေညာလွှာဖြည့်စွက်ခြင်း။  အောက်ပါအတိုင်းလိုက်နာရန်လိုအပ်ပါသည် -

(က) ပြည်တွင်းအခွန်များဦးစီးဌာနမှ သတ်မှတ်ထားသည့် သက်ဆိုင်ရာပုံစံများကို အသုံးပြုရမည်ဖြစ်ပါသည်။ (အခွန်ကြေညာလွှာပုံစံများကို သက်ဆိုင်ရာအခွန်ရုံးများနှင့် ဌာန၏ Website ဖြစ်သောwww.ird.gov.mm မှ ရယူနိုင်ပါသည်။)

(ခ) အခွန်ထမ်းသည် အခွန်ကြေညာလွှာများ၏ မှန်ကန်တိကျမှုနှင့် ပြည့်စုံမှုကို တာဝန်ခံရမည်ဖြစ်ပါသဖြင့် သတ်မှတ်ကြေညာလွှာပုံစံများကို ပြည့်စုံစွာ ဖြည့်စွက်ရန် လိုအပ်ပါသည်။

(ဂ)  ကြေညာလွှာပုံစံတွင် အခွန်ထမ်းကိုယ်တိုင် လက်မှတ်ရေးထိုးတင်သွင်းရမည် ဖြစ်ပါသည်။ အခွန်ကြေညာလွှာ သို့မဟုတ် အခွန်ကြေညာလွှာ၏ တစ်စိတ်တစ်ပိုင်းကို အခကြေးငွေရယူ၍ ပြင်ဆင်ပေးခြင်းဖြစ်ပါက ပြင်ဆင်ပေးသည့် ပုဂ္ဂိုလ်ကလည်း ကြေညာလွှာ တွင် ပူးတွဲလက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။

 ၅။တင်သွင်းရမည့်နောက်ဆုံးရက်။  ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ (ကြာသပတေးနေ့) ဖြစ်ပါသည်။

၆။ ဒဏ်ကြေးငွေ။   အခွန်ကြေညာလွှာများကို အချိန်မီတင်သွင်းရန် ပျက်ကွက်ပါက အောက်ပါ ဒဏ်ကြေးငွေနှစ်ရပ်အနက်မှ များရာဒဏ်ကြေးငွေကို ပေးဆောင်ရမည် ဖြစ်ပါသည် -

(က) ပေး​ဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန်သတ်မှတ်ထားသည့်နေ့မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ်သည့်အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏ အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊

(ခ) ငွေကျပ်တစ်သိန်း။

၇။ အခွန်ထမ်း၏အခွင့်အရေး။  အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း ကြေညာလွှာကို အချိန်မီတင်သွင်းရန် အခက်အခဲရှိပါက အခွန်ကြေညာလွှာတင်သွင်းရမည့် သတ်မှတ်ရက်ကိုတိုးမြှင့်ပေးရန် သက်ဆိုင်ရာအခွန်ရုံးသို့ ကြိုတင် လျှောက်ထားနိုင်ပါသည်။

၈။ စုံစမ်းရန်။  မရှင်းလင်းသည့် အချက်များကို သက်ဆိုင်ရာရုံးများနှင့် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပြီး အခြားလိုအပ်ချက်များရှိပါက အောက်ဖော်ပြပါ ဝန်ဆောင်မှုရုံးများကိုလည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည် -

(က)  အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး
အမှတ်၊ ၁၂၈/၁၃၂၊ ဒုတိယထပ်နှင့် တတိယထပ်၊
ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ်-၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂၊ ၀၁-၈၃၇၈၃၇၀

(ခ)  အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(နေပြည်တော်)
ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန
ဖုန်းနံပါတ်-၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၃၃

(ဂ)  အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)
၆၅ လမ်း ၊ ၂၂ x ၂၃ လမ်းကြား၊ အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့
ဖုန်းနံပါတ်-၀၂-၄၀၃၀၁၉၂

ပြည်တွင်းအခွန်များဦးစီးဌာန