အခွန်ထမ်းပြည်သူလူထုသို့ အသိပေးပန်ကြားချက်

အခွန်ထမ်းပြည်သူလူထုသို့ အသိပေးပန်ကြားချက်

၁။     မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၁၇ တွင် ပြဋ္ဌာန်းထားသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပုဂ္ဂိုလ်တစ်ဦးဦးက ချုပ်ဆိုသည့် အခွန်ထိုက်သင့်သော စာချုပ်စာတမ်းအားလုံးကို စာချုပ်မချုပ်ဆိုမီဖြစ်စေ၊ ချုပ်ဆိုသည့်အချိန်ကာလ၌ဖြစ်စေ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။

၂။     ယခုအခါနိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်များကို (၅) ကြိမ် သတ်မှတ်ပေးခဲ့ပြီးဖြစ်သည့်အပြင် ရောဂါကူးစက်မှုကိုဆက်လက်ထိန်းချုပ်ပြီး၊ ပုံမှန်အခြေအနေသို့ အမြန် ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဩဂုတ် လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိအား (ထူးခြားသည့်အခြေအနေအရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှအပ) တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက် အဖြစ် လွှဲပြောင်းနိုင်သည့်စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ တိုးမြှင့်သတ်မှတ်ကြေညာခဲ့ပါသည်။

၃။      သို့ဖြစ်၍ အများပြည်သူအလုပ်ပိတ်ရက်ကာလများတွင် ပြည်သူလူထုအနေဖြင့် လုပ်ငန်းကိစ္စရပ်အလိုက် စာချုပ်စာတမ်းများချုပ်ဆိုချိန်တွင် တံဆိပ်ခေါင်းခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ တံဆိပ်ခေါင်းခွန်ထမ်းဆောင်နိုင်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအသီးသီးရှိ တံဆိပ်ခေါင်းအရောင်းကောင်တာများအား ဖွင့်လှစ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန