အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ်ဖြင့် ပြောင်းလဲကျင့်သုံးသွားမည့် အစီအစဉ်ကို အသိပေးကြေညာခြင်း

၁။      ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများအား ပိုမိုထိရောက်ကောင်းမွန် သော အီလက်ထရောနစ် ဝန်ဆောင်မှုစနစ်များပေးနိုင်ရန် အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ၌ အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် လွယ်ကူလျင်မြန် စေရန် ရည်ရွယ်လျက် အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ် (e-Registration Management System) ကို အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

၂။    ထိုသို့ အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို အွန်လိုင်းမှတစ်ဆင့်ဆောင်ရွက်နိုင် မည့် အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ် (e-Registration Management System) ကို https://eregistration.ird.gov.mm/ မှတစ်ဆင့် စနစ်အသုံးပြုခွင့်အတွက် ဦးစွာ Account Register ပြုလုပ်၍ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၃။    အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ် (e-Registration Management System) ကို အသုံးပြုခြင်းအားဖြင့် သက်ဆိုင်ရာအခွန်ရုံးများသို့ လူကိုယ်တိုင်သွားရောက်ရန်မလိုအပ်ဘဲ အင်တာနက်ချိတ်ဆက်ရရှိသည့် မည်သည့်နေရာတွင်မဆို စနစ်မှတစ်ဆင့် အခွန်ထမ်း မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်သောကြောင့် အချိန်နှင့်ကုန်ကျစရိတ် သက်သာနိုင်ခြင်း၊ အခွန်ရုံးများနှင့် တိုက်ရိုက်ထိတွေ့မှုကို လျှော့ချနိုင်ခြင်းနှင့် ဆောင်ရွက်လိုသည့်လုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက် နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

၄။    ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၂၃ နှစ်၊ မေလ (၂၃) ရက်နေ့မှစတင်၍ အီလက် ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ် (e-Registration Management System) ဖြင့်သာ အခွန်ထမ်း မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို တစ်ပြေးညီလက်ခံကျင့်သုံးဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများနှင့် တစ်ဦးချင်းပုဂ္ဂိလ် လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ပုံစံနှင့်စာရွက်စာတမ်းများကို သက်ဆိုင်ရာ ဌာနခွဲ/အခွန်ရုံးများသို့ လူကိုယ်တိုင်/စာတိုက်/အီးမေးလ်တို့မှတစ်ဆင့်ပေးပို့၍ အခွန်ထမ်းမှတ်ပုံတင် လျှောက်ထားဆောင်ရွက် နေမှုအစား ၂၀၂၃ နှစ်၊ မေလ (၂၃) ရက်နေ့မှစတင်၍ အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ် (e-Registration Management System) ဖြင့်သာ ပြောင်းလဲဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

၅။   အသေးစိတ်အချက်အလက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www. ird.gov.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲ၊ ဖုန်းနံပါတ်- ၀၁-၈၃၈၉၃ ၁၁၊ ၀၁-၈၃၈၉၃၂၂၊ ၀၁-၈၃၇၈၃၇၀နှင့် အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာ အကူ အညီပေးရေးစင်တာ (e-Services Help Desk Center) ဖုန်းနံပါတ် ၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅ နှင့် သက်ဆိုင်ရာအခွန်ရုံးများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

ပြည်တွင်းအခွန်များဦးစီးဌာန