အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်ခြင်းကိစ္စနှင့် စပ်လျဉ်း၍ ထပ်မံအသိပေးကြေညာခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ထပ်မံအသိပေးကြေညာခြင်း

၁။    ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းကုမ္ပဏီများ အခွန်ငွေပေးသွင်းခြင်း လုပ်ငန်းစဉ်တွင် လက်ရှိကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ရောဂါကို တတ်နိုင်သမျှ အကာအကွယ်ဖြစ်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် အီလက်ထရောနစ်စနစ်များကို အသုံးပြုကာ လွယ်ကူလျင်မြန်စွာ အခွန်ပေးဆောင်နိုင်ရန် ရည်ရွယ်၍ ပုဂ္ဂလိကဘဏ်များ၏ m-Banking, e-Banking, i-Banking စနစ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများ၏ Mobile Payment စနစ် များ ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။     လက်ရှိတွင် အခွန်ထမ်းများအနေဖြင့် IRD Website (www.ird.gov.mm) ၏ Start Your Tax Online Payment မှတစ်ဆင့် Link ဝင်၍ MPU Corporate Debit Card အသုံးပြုကာ Online မှ အခွန်ပေးသွင်းခြင်းအပြင် ပုဂ္ဂလိကဘဏ်များဖြစ်သော သမဝါယမ ဘဏ်လီမိတက် (CB Bank)၊ ဧရာဝတီဘဏ်လီမိတက် (AYA Bank)နှင့် ယူအေဘီဘဏ်လီမိတက်(UAB Bank) တို့၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကိုအသုံးပြု၍လည်း အခွန်ပေးဆောင်နေပြီ ဖြစ်ပါသည်။

၃။     ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၃) ရက်နေ့မှစတင်၍ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ရရှိပြီးသော အခွန်ထမ်းများအနေဖြင့် ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) ၏ Internet Banking စနစ်ကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်မည်ဖြစ်ပြီး KBZPay နှင့် KBZ Mobile Banking စနစ်များဖြင့်လည်း မကြာမီပေးဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

၄။     ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) အနေဖြင့် Internet Banking မှတစ်ဆင့် အခွန်အောင်မြင်စွာပေးဆောင်ပြီးပါက အခွန်ထမ်းသို့  အခွန်ပေးသွင်းမှုအထောက်အထားအဖြစ် e-receipt ထုတ်ပေးမည်ဖြစ်ပြီး အခွန်ထမ်းများအနေဖြင့်လည်း ထိုငွေေလက်ခံ ဖြတ် ပိုင်း e-receipt ကို သိမ်းထားနိုင်မည်ဖြစ်ပါသည်။

၅။     အဆိုပါအခွန်ငွေများကို ပုဂ္ဂလိကဘဏ်များမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET စနစ်ကို အသုံးပြု၍ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများသို့ လွှဲပြောင်းပေးသွင်းပြီးနောက် ပြည်တွင်းအခွန်များဦးစီးဌာန အနေ ဖြင့်လည်း အခွန်ပေးသွင်းမှု အထောက်အထားများကို email အသုံးပြု ပေးပို့အကြောင်းကြားသွားမည် ဖြစ်ပါသည်။

၆။     အခြားသော ပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ချိန်တွင်လည်း ထပ်မံအသိပေးကြေညာသွားမည် ဖြစ်ပါသည်။

၇။   သို့ဖြစ်ပါ၍ အခွန်ထမ်းပြည်သူများအနေဖြင့် ဘဏ်များသို့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ်ဖြင့် ငွေသား/ချက်လက်မှတ်များ သွားရောက်ပေးသွင်းရမည့်အစား အီလက်ထရောနစ်ငွေပေးချေမှု စနစ်များအသုံးပြု၍ လုံခြုံစိတ်ချစွာဖြင့် အခွန်ငွေများကို ပေးဆောင် ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၈။     အသေးစိတ်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သည့် www.ird.gov.mm တွင် ကြည့်ရှုနိုင်ပြီး သက်ဆိုင်ရာအခွန်ရုံးများနှင့် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ (e-Payment Section၊ ရန်ကုန်)၊ အမှတ် ၅၆၉/၅၇၇၊ ကုန်သည်လမ်း နှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

 

 

 

ပုံ (မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန