အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ထပ်မံအသိပေးကြေညာခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ထပ်မံအသိပေးကြေညာခြင်း

၁။   ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းကုမ္ပဏီများ အခွန်ငွေပေးသွင်းခြင်း လုပ်ငန်းစဉ်တွင် လက်ရှိကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ရောဂါကို တတ်နိုင်သမျှ အကာအကွယ်ဖြစ်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် အီလက်ထရောနစ်စနစ်များကို အသုံးပြုကာ လွယ်ကူလျင်မြန်စွာ အခွန်ပေးဆောင်နိုင်ရန် ရည်ရွယ်၍ ပုဂ္ဂလိကဘဏ်များ၏ m-Banking, e-Banking, i-Banking စနစ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ Mobile Payment စနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။   လက်ရှိတွင် အခွန်ထမ်းများအနေဖြင့် IRD Website (www.ird.gov.mm) ၏ Start Your Tax Online Payment မှတစ်ဆင့် Link ဝင်၍ MPU Corporate Debit Card အသုံးပြုကာ Online မှ အခွန်ပေးသွင်းခြင်းအပြင် ပုဂ္ဂလိကဘဏ်များဖြစ်သော သမဝါယမ ဘဏ်လီမိတက် (CB Bank)၊ ဧရာဝတီဘဏ်လီမိတက် (AYA Bank) ၊ ယူအေဘီဘဏ်လီမိတက် (UAB bank)၊ ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank)၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB Bank) တို့၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များနှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank) ၏ တရားဝင်မိတ်ဖက် e-wallet ဖြစ်သော Onepay စနစ်ကို အသုံးပြု၍လည်း အခွန်ပေးဆောင်နေပြီ ဖြစ်ပါသည်။

၃။   ၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ ( ၂ ) ရက်နေ့မှ စတင်၍ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ရရှိပြီးသော အခွန်ထမ်းများအနေဖြင့် မြဝတီဘဏ်လီမိတက် (Myawaddy Bank) ၏ Internet Banking စနစ်ကိုအသုံးပြု၍ 24/7 အခွန်ပေးဆောင်နိုင်မည် ဖြစ်ပါသည်။

၄။   မြဝတီဘဏ်လီမိတက် (Myawaddy Bank) ၏ Internet Banking စနစ်အသုံးပြု၍ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ CBM-NET မှတစ်ဆင့် အခွန်ငွေလွှဲပြောင်းပေးပြီးနောက် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်းမှု အထောက်အထားများကို Email အသုံးပြု ပေးပို့အကြောင်းကြားသွားမည် ဖြစ်ပါသည်။

၅။   အခြားသော ပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ချိန်တွင်လည်း ထပ်မံအသိပေးကြေညာသွားမည် ဖြစ်ပါသည်။

၆။   သို့ဖြစ်ပါ၍ အခွန်ထမ်းပြည်သူများအနေဖြင့် ဘဏ်များသို့ ကိုယ်တိုင် (သို့) ကိုယ်စားလှယ်ဖြင့် ငွေသား/ချက်လက်မှတ်များ သွားရောက်ပေးသွင်းရမည့်အစား အီလက်ထရောနစ်ငွေပေးချေမှု စနစ်များအသုံးပြု၍ လုံခြုံစိတ်ချစွာဖြင့် အခွန်ငွေများကို ပေးဆောင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၇။   အသေးစိတ်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သည့် www.ird.gov.mm တွင် ကြည့်ရှုနိုင်ပြီး သက်ဆိုင်ရာအခွန်ရုံးများနှင့် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ (e-Payment Section၊ ရန်ကုန်)၊ အမှတ် ၅၆၉/၅၇၇၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန