၁။      ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများအား ပိုမိုထိရောက်ကောင်းမွန် သော အီလက်ထရောနစ်ဝန်ဆောင်မှုစနစ်များပေးနိုင်ရန် အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ၌ အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် လွယ်ကူလျင်မြန်စေရန်နှင့် တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများအရ အခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေရှိသော ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအားလုံး အခွန်ထမ်းဖြစ်လာစေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်‌စေရန်အတွက် အီလက်ထရောနစ် အခွန်ထမ်း မှတ်ပုံတင်စနစ် (e-Registration Management System) ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ တစ်ပြေးညီပြောင်းလဲကျင့်သုံး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။       ထိုသို့ အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည့် အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ် (e-Registration Management System) ကို အခွန်ထမ်းများအနေဖြင့် https://eregistration.ird.gov.mm/ မှ တစ်ဆင့် စနစ်အသုံးပြုခွင့်အတွက် ဦးစွာ Account Register ပြုလုပ်၍ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၃။      အခွန်ထမ်းများအနေဖြင့် အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်စနစ် (e-Registration Management System) ကိုအသုံးပြုခြင်းအားဖြင့် သက်ဆိုင်ရာအခွန်ရုံးများသို့ လူကိုယ်တိုင် သွားရောက်ရန်မလိုအပ်ဘဲ အင်တာနက်ချိတ်ဆက်ရရှိသည့် မည်သည့်နေရာ တွင်မဆို စနစ်မှတစ်ဆင့် အခွန်ထမ်းမှတ်ပုံတင်အမှတ် လျှောက်ထားနိုင်သောကြောင့် အချိန်နှင့်ကုန်ကျစရိတ် သက်သာနိုင်ခြင်း၊ အခွန်ရုံးများနှင့် တိုက်ရိုက်ထိတွေ့မှုကိုလျှော့ချနိုင်ခြင်းနှင့် ဆောင်ရွက်လိုသည့်လုပ်ငန်းများကို လျင်မြန်စွာဆောင်ရွက်နိုင်ခြင်းစသည့် အကျိုး ကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

၄။      ထို့ပြင် အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number-TIN)  လျှောက်ထားရရှိပြီးပါက ဌာနမှ ယခင်အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် အီလက်ထရောနစ် အခွန် ဝန်ဆောင်မှုစနစ်များဖြစ်သော အီလက်ထရောနစ် အခွန်ကြေညာလွှာ တင်သွင်းမှုစနစ်နှင့် အီလက်ထရောနစ် အခွန်ပေးဆောင်မှုစနစ်များကိုပါ ဆက်စပ်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၅။      အသေးစိတ်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ဝင်ရောက်ကြည့်ရှုနိုင်ပြီး အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲ၊ ဖုန်းနံပါတ်- ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂၊ ၀၁-၈၃၇၈၃၇၀နှင့် အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာ အကူအညီပေး ရေးစင်တာ (e-Services Help Desk Center) ဖုန်းနံပါတ် ၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅ နှင့် သက်ဆိုင်ရာအခွန်ရုံးများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

ပြည်တွင်းအခွန်များဦးစီးဌာန