ပြည်တွင်းအခွန်များဦးစီးဌာန၌ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း (Financial Investigation) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း

ရန်ကုန်   မတ်  ၂၅

     ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသည် ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် လုပ်ဆောင်လျက်ရှိရာ Organization for Economic Co-operation and Development (OECD) မှ ပို့ချသည့် ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးခြင်း သင်တန်းသို့ JICA ၏ ဘဏ္ဍာရေးအကူအညီဖြင့် တက်ရောက်သင်ယူရရှိခဲ့သည့် အတွေ့အကြုံနှင့် ပညာရပ်များအား ဆင့်ပွားပို့ချသည့် အလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်မြို့တွင် ဖွင့်လှစ်လျက်ရှိသည့် အရာထမ်းများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂)၊  အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁)တို့တွင် COVID 19 ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ၁၉-၃-၂၀၂၀ ရက်နေ့နှင့် ၂၀-၃-၂၀၂၀ ရက်နေ့များက ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အရာထမ်းများအထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂) မှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိအဆင့် သင်တန်းသား/သူ (၄၀) ဦး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ ဒုတိယဦးစီးမှူးနှင့်အထက်အရာထမ်း (၁၂၀) ဦး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁)မှ ဒုတိယဦးစီးမှူးနှင့်အထက် အရာထမ်း (၇၀) ဦးနှင့် စုစုပေါင်း (၂၃၀) ဦး တို့အသီးသီး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။