မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇၆) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

   ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်၌ ၈-၂-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် မြို့နယ်အခွန်ဦးစီး ဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၇၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်၍ သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာစာရင်းစစ်ဆေးခြင်း၊ သတင်းအချက်အလက်နည်းပညာကို အခြေခံပြီး ခေတ်စနစ်နှင့်အညီပြုပြင်ပြောင်းလဲနေသော အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုအခြေအနေများနှင့် အခွန်စည်းကြပ်ကောက်ခံခြင်းကို လက်တွေ့စာတွေ့ ပေါင်းစပ်လေ့လာပြီး မိမိတို့ရရှိလာသည့် အတွေ့အကြုံ၊ ပညာများနှင့်အတူ အခွန်ထမ်းပြည်သူများကို စိတ်ရင်းစေတနာအမှန်ဖြင့် ဝန်ဆောင်မှုပေးကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ အပြည့်အဝရရှိရေး ဆောင်ရွက်ကြရာ၌ အခွန်ထမ်းပြည်သူများမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွန်ဥပဒေများအရ ပေးဆောင်သင့်သည့်အခွန်ငွေများကို တာဝန်သိစွာပေးဆောင်လာစေရေးကို အသိပညာပေးစည်းရုံးဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသောအခွန်ဌာနတစ်ရပ်ဖြစ်လာစေရန် အဓိကဦးတည်အကောင်အထည်ဖော်နေသဖြင့် ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သင်တန်းသား/သင်တန်းသူများအပါအဝင် အခွန်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

   သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၇၉) ဦးတို့မှ ရက်သတ္တပတ် (၈) ပတ်ကြာ တက်ရောက်ရမည်ဖြစ်ပါသည်။