အခွန်ထမ်းကုမ္ပဏီများ၏ ကြေညာလွှာတင်သွင်းခြင်း လုပ်ငန်းစဉ်တွင် အီလက်ထရောနစ် အခွန်ကြေညာလွှာ တင်သွင်းမှုစနစ်ဖြင့် ပြောင်းလဲကျင့်သုံးသွားမည့် အစီအစဉ်ကို အသိပေးကြေညာခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ထမ်းကုမ္ပဏီများ၏ ကြေညာလွှာတင်သွင်းခြင်းလုပ်ငန်းစဉ်တွင် အီလက်ထရောနစ် အခွန်ကြေညာလွှာတင်သွင်းမှုစနစ်ဖြင့် ပြောင်းလဲကျင့်သုံးသွားမည့်အစီအစဉ်ကို အသိပေးကြေညာခြင်း

၁။     စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ အခွန်ကြေညာလွှာတင်သွင်းသည့် လုပ်ငန်းစဉ်များတွင် လွယ်ကူလျင်မြန်စေရန် ရည်ရွယ်လျက် အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် (E-Filing Management System) ကိုအသုံးပြု၍ ကြေညာလွှာများတင်သွင်းနိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

၂။     အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number – TIN) ရရှိပြီးဖြစ်သော အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အလယ် အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁)၊ (၂)၊ (၃)၊ (၄) နှင့် (၅) တို့၏ အခွန်ထမ်းကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာအခွန်ရုံးများသို့ သုံးလပတ် အထူးကုန်စည်ခွန် ကြေညာလွှာ၊ သုံးလတစ်ကြိမ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ၊ အခြေပစ္စည်းမှမြတ်စွန်းငွေ ကြေညာလွှာ၊ နှစ်ချုပ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာနှင့် ဝင်ငွေခွန်ကြေညာလွှာများကို လူကိုယ်တိုင်လာရောက်တင်သွင်းနေမှုအစား အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ်ကို အသုံးပြု၍ တင်သွင်းနိုင်ပါသည်။

၃။      အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမည်ဆိုပါက အခွန်ထမ်းများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ ဝက်ဘ်ဆိုဒ် (www.ird.gov.mm) ၏ E-Filing Service Login Here မှတစ်ဆင့် Link ဝင်ရောက်ပြီး စနစ်အသုံးပြုခွင့်အတွက် ပထမဦးစွာ Account Register ပြုလုပ်ရမည် ဖြစ်ပါသည်။ အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် အသုံးပြုနိုင်ရန်အတွက် Account Registration ပြုလုပ်ပုံနှင့် စနစ်အသုံးပြု၍ ကြေညာလွှာတင်သွင်းပုံအဆင့်ဆင့် ဗွီဒီယိုဖိုင် (User Guide Video Files) များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.ird.gov.mm > Media Menu (https://www.ird.gov.mm/my/content/video) တွင် လေ့လာနိုင်ပါသည်။

၄။     ကြေညာလွှာများကို အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်းဖြစ်ပါက ဦးစီးဌာနမှ အီလက်ထရောနစ်နည်းဖြင့် လက်ခံရရှိသည့်နေ့အား တင်သွင်းသည်ဟုမှတ်ယူမည်ဖြစ်ပြီး ယင်းပေးပို့သည့်နေ့သည် အများပြည်သူရုံးပိတ်ရက်တွင်ကျရောက်ပါက ယင်းနေ့နှင့်နောက်တစ်ဆက်တည်း ဖြစ်သော အများပြည်သူရုံးဖွင့်ရက်တွင် လက်ခံရရှိသည်ဟု သတ်မှတ်မည်ဖြစ်ပါသည်။

၅။     အခွန်ထမ်းများအနေဖြင့် အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် (e-Filing) ကိုအသုံးပြု၍ တင်သွင်းခြင်းအားဖြင့် သက်ဆိုင်ရာအခွန်ရုံးများသို့ လူကိုယ်တိုင်သွားရောက်ရန် မလိုအပ်ဘဲ အချိန်နေရာမရွေး တင်သွင်းနိုင်သည့်အတွက် အချိန်နှင့်ကုန်ကျစရိတ် သက်သာနိုင်ခြင်း၊ အခွန်ရုံးများနှင့် တိုက်ရိုက်ထိတွေ့မှုကို လျှော့ချနိုင်ခြင်း၊ ဆောင်ရွက်လိုသည့် လုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

၆။     ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် ရန်ကုန်မြို့ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး တို့တွင် ၂၀၂၁ နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစတင်၍ အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် (e-Filing) ဖြင့်သာ ကြေညာလွှာတင်သွင်းခြင်းကို လက်ခံကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် ရန်ကုန်မြို့ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးတို့၏ အခွန်ထမ်းကုမ္ပဏီများအနေဖြင့် ၂၀၂၁ နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစတင်၍ သက်ဆိုင်ရာ အခွန်ရုံးများသို့ အခွန်ကြေညာလွှာများကို တင်သွင်းရာတွင် အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် (e-Filing) ဖြင့်သာ ပြောင်းလဲဆောင်ရွက်ပေးနိုင်ကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

၇။     အခွန်ထမ်းများအနေဖြင့် သိရှိလိုသည်များရှိပါက ပြန်ကြားရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်-၄၆၊ နေပြည်တော်၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂၊ သက်ဆိုင်ရာအခွန်ရုံးများ၏ အခွန်ထမ်းရေးရာဌာနစုနှင့် သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ (e-Service Section) ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်းနှင့် အခွန်ထမ်းပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း အသိပေးအပ်ပါသည်။

 

ပြည်တွင်းအခွန်များဦးစီးဌာန

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန