ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ပြည်ပမှ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများ တင်သွင်း ရာတွင် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်အား သိရှိလို၍မေးမြန်းခြင်း။

Answer

ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၁၁ ( က ) အမှတ်စဉ် ၁၅ ရှိ အထူးကုန်စည်ဖြစ်သဖြင့် ပြည်ပမှတင်သွင်းခြင်းအတွက် တင်သွင်းစဉ် ကုန်းပေါ်ရောက်တန်ဖိုးဖြစ်သည့် အကောက်ခွန်စည်းကြပ်တန်ဖိုး၊ အကောက်ခွန် နှင့်ကုန်ချစရိတ် ပေါင်းအပေါ်တွင် အထူးကုန်စည်ခွန် ၅ % ပေးဆောင်ရမည်ဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန်မှာ ကုန်းပေါ်ရောက်တန်ဖိုးနှင့် အထူးကုန်စည်ခွန်ပေါင်းပြီး ယင်းအပေါ် တွင် ၂၀၁၆ ခုနှစ်ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ခ) အရ ကုန်သွယ် လုပ်ငန်းခွန် ၅ % ကို ကြိုတင်ပေးသွင်းရမည်ဖြစ်ပါသည်။ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ် ဆီများကို ပြည်ပမှတင်သွင်း၍ ပြန်လည်ရောင်းချခြင်းအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ၁၄(ဂ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ %  ကျသင့်မည်ဖြစ်ပါသည်။ ၄င်းဓါတ်ဆီ ၊ ဒီဇယ်ဆီ ၊ ဂျက်လေယာဉ်ဆီများကို ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန် ၅ % မှ ပြည်ပမှတင်သွင်းစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ် လုပ်ငန်းခွန် ၅ % ကို ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂ အရ ခုနှိမ်ရန်အတွက် ကုန်သွယ်မှု ဆောင်ရွက်သူအား မှတ်ပုံတင်ခွင့်ပြုကြောင်းထုတ်ပေးသည့် လက်မှတ်ပုံစံ ပတခ (ကသခ)-၂၊  ပြည်ပမှတင်သွင်းခြင်း သက်သေခံလက်မှတ် ပုံစံ ပတခ(ကသခ)-၃၂ နှင့် ပြည်ပမှ တင်သွင်းစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုစာရင်း ပုံစံ ပတခ (ကသခ)-၃၃ တို့ဖြင့် တင်ပြ၍ အချင်းချင်းခုနှိမ်နိုင်ပါသည်။

Question

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ပြည်ပမှ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများ တင်သွင်း ရာတွင် ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်အား သိရှိလို၍မေးမြန်းခြင်း။