မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁

   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နံနက် (၉:၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပသည်။

   အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားရာ၌ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင် ပို့ချပေးမည့် အခွန်ဆိုင်ရာဘာသာရပ်များကို လေ့လာမှတ်သား၍ လုပ်ငန်းလမ်းညွှန် အဖြစ်ခံယူပြီး၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများအား သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ပြည့်ပြည့်ဝဝကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်ဥပဒေများအရ ပေးဆောင်သင့်သည့်အခွန်ငွေများကို တာဝန်သိစွာ ပေးဆောင်လာစေမည့် အခွန်ယဉ်ကျေးမှုထွန်းကားလာစေရေး အသိပညာပေးစည်းရုံးဆောင်ရွက်သွားကြရန်နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရန်၊ ဌာန၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် အားလုံးကကြိုးပမ်း ဆောင်ရွက်ကြရန် အသေးစိတ်လမ်းညွှန်မှာကြားပါသည်။

   သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာန များမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြပါသည်။

   ပြည်တွင်းအခွန်များဦးစီးဌာနသည် နိုင်ငံတော်မှကောက်ခံရရှိသော အခွန်အကောက် စုစုပေါင်း ၏ (၈၀) ရာခိုင်နှုန်းကျော်ကို နှစ်စဉ်ကောက်ခံပေးနေသည့်ဌာနတစ်ခုဖြစ်ပြီး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျသည့် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝမှုသည် အရေးကြီးသဖြင့် ယခုကဲ့သို့ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပြီး လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် ရှင်းလင်းလွယ်ကူသော အခွန်စနစ်များကျင့်သုံးဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝကောက်ခံရရှိနိုင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ ယခုသင်တန်းသို့ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၈၀) ဦးတို့က ရက်သတ္တပတ်(၈)ပတ်ကြာ တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။