မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၉) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း
နေပြည်တော် ၊ ဇွန် ၁၂
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၇၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၂-၆-၂၀၂၃ ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားရာ၌ သင်တန်းသား/သင်တန်းသူများ အနေ ဖြင့် ယခုသင်တန်းတွင် ပို့ချပေးမည့် အခွန်ဆိုင်ရာဘာသာရပ်များကို လေ့လာမှတ်သား၍ လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး၊ အဓိကတာဝန်ဖြစ်သော နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများအား သက်ဆိုင်ရာ အခွန်ဥပဒေများနှင့်အညီ ပြည့်ပြည့်ဝဝကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ အခွန်ထမ်းပြည်သူများက တာဝန်သိစွာ ပေးသွင်းသော အခွန်ငွေ များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ဆက်သွယ် ရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိရှိ ခွဲဝေသုံးစွဲနေသည်ကို အခွန်ထမ်းပြည်သူများ သိရှိနားလည်သဘောပေါက်လာအောင် အသိပညာပေး စည်းရုံးဆောင်ရွက် သွားကြရန်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရန်နှင့် ဌာန၏ ဂုဏ် သိက္ခာ မြင့်မားရေးအတွက် အားလုံးက ကြိုးပမ်းဆောင်ရွက်ကြရန် စသည်ဖြင့် ဆွေးနွေးမှာကြားပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဝန်ကြီး ဌာနအောက်ရှိ လုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှကောက်ခံရရှိသော အခွန်အကောက် စုစုပေါင်း၏ (၈၀) ရာခိုင်နှုန်း ကျော်ကို နှစ်စဉ်ကောက်ခံပေးနေသည့် ဌာနတစ်ခုဖြစ်ပြီး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက် သော အခွန်ငွေများ အပြည့်အဝရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ကြိုးပမ်းရာတွင် ပြည်တွင်းအခွန် များဦးစီးဌာန ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝမှုသည် အရေးကြီးသဖြင့် ယခုကဲ့သို့ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပြီး လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသို့ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၈၀) ဦး ပါဝင်တက်ရောက်ပြီး၊ သင်တန်းကာလမှာ ရက်သတ္တပတ် (၈) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။