INGO/NGO များတွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများနှင့်ပတ်သက်၍ လစာဝင်ငွေခွန်ပေးဆောင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

INGO/NGO များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်ပတ်သက်၍ လစာဝင်ငွေခွန်ပေးဆောင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်

  • ၁၉၅၄ ခုနှစ်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ) အက်ဥပဒေ အရ လည်းကောင်း၊ ၁၉၆၁ ခုနှစ်၊ သံတမန်ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဗီယင်နာ ကွန်ဗင်းရှင်း သဘောတူစာချုပ်အရလည်းကောင်း၊ ၁၉၆၃ ခုနှစ် ကောင်စစ်ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း သဘောတူစာချုပ်အရလည်းကောင်း၊ နှစ်နိုင်ငံအပြန်အလှန် လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာများ၊ စာချုပ်များအရလည်းကောင်း ဝင်ငွေခွန် ကင်းလွတ်ခွင့်မပြုထားပါက INGO/NGO အဖွဲ့အစည်းတွင် ပါဝင်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများအနေဖြင့် ရရှိသည့် လစာဝင်ငွေအပေါ် လစာခေါင်းစဉ်ဖြင့် ဝင်ငွေခွန်ပေးဆောင်ရန် တာ၀န်ရှိမည် ဖြစ်ပါသည်။
  • ထိုကဲ့သို့သော INGO/NGO အဖွဲ့များမှ လစာငွေ ထုတ်ပေးရန် တာဝန်ရှိသူအနေဖြင့်‌ ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) အရ လစာငွေထုတ်ပေးချိန်၌ ကျသင့်သောအခွန်ကို တွက်ချက် နုတ်ယူထားခြင်း၊ ဝင်ငွေခွန် စည်းမျဉ်း ၁၄ ၊ စည်းမျဉ်းခွဲ (ခ)နှင့်အညီ နုတ်ယူထားသည့်နေ့မှ ခုနှစ်ရက်အတွင်း သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံး၏ ငွေစာရင်းသို့ ပေးသွင်းခြင်း၊ စည်းမျဉ်းခွဲ (ဂ) နှင့်အညီ နုတ်ယူထားငွေနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို ပတခ (ဝင)-၁၅ ပုံစံဖြင့် ဖြည့်စွက်၍ နုတ်ယူသည့်နေ့မှ ခုနှစ်ရက်အတွင်း ပေးပို့ခြင်းနှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၈ အရ ဝင်ငွေနှစ်ကုန်ဆုံးပြီး ၃ လအတွင်း လစာဝင်ငွေခွန် ထမ်းဆောင်ထားခြင်းဆိုင်ရာ လစာနှစ်ချုပ်စာရင်းကို ပတခ (ဝင)-၁၆ ပုံစံဖြင့် ဖြည့်စွက်တင်သွင်းခြင်း တို့ကို ဆောင်ရွက်ရန်လိုအပ်ပါသည်။
  • အကျုံးဝင်သည့် ဝင်ငွေများ။ မည်သူမဆိုအလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့်လုပ်ခအစား သို့မဟုတ် ယင်းတို့ အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင် ရမည်ဖြစ်ပါသဖြင့် နှစ်တစ်နှစ်အတွင်းရရှိသည့် လစာဝင်ငွေ၊ ကော်မရှင်ကြေး၊ နှစ်စဉ်ကြေး၊ ပညာရှင်ကြေးတို့ကိုလည်း စုစုပေါင်း လစာဝင်ငွေတွက်ချက်ရာတွင် ထည့်သွင်း တွက်ချက်ရမည် ဖြစ်ပါသည်။
  • အကျိုးသက်ရောက်မှု။       ဤသိမှတ်ဖွယ်ပါ ဖော်ပြချက်များသည် တည်ဆဲဝင်ငွေခွန် ဥပဒေနှင့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လစာဝင်ငွေအတွက် ဖြစ်ပါသည်။
  • အခွန်နှုန်း။   အောက်ပါအတိုင်းဖြစ်ပါသည်-
အမှတ်စဉ် ဝင်ငွေခွန် စည်းကြပ်ရန် ဝင်ငွေအလွှာ

စည်းကြပ်ရန်ဝင်ငွေခွန်နှုန်း

မှ ထိ
ကျပ် ကျပ်
(က) ၂,၀၀၀,၀၀၀ ၀ ရာခိုင်နှုန်း
(ခ) ၂,၀၀၀,၀၀၁ ၅,၀၀၀,၀၀၀ ၅ ရာခိုင်နှုန်း
(ဂ) ၅,၀၀၀,၀၀၁ ၁၀,၀၀၀,၀၀၀ ၁၀ ရာခိုင်နှုန်း
(ဃ) ၁၀,၀၀၀,၀၀၁ ၂၀,၀၀၀,၀၀၀ ၁၅ ရာခိုင်နှုန်း
(င) ၂၀,၀၀၀,၀၀၁ ၃၀,၀၀၀,၀၀၀ ၂၀ ရာခိုင်နှုန်း
(စ) ၃၀,၀၀၀,၀၀၁    နှင့်အထက်  ၂၅ ရာခိုင်နှုန်း
  • အခွန်တွက်ချက်ပုံ

နိုင်ငံသားနှင့် နှစ်တစ်နှစ်အတွင်း ရက်ပေါင်း ၁၈၃ ရက်ထက်မနည်း မြန်မာနိုင်ငံအတွင်း နေထိုင်သူ (ပြည်တွင်းနေ) နိုင်ငံခြားသားအတွက် တွက်ချက်မှုနမူနာပုံစံ

၃၀-၄-၂၀၁၈ ရက်နေ့ရှိ ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲလှယ်နှုန်း ၁၃၄၀ ကျပ် ဦးလှသည် တစ်နှစ်ရရှိမည့်လစာဝင်ငွေ US $ ၈၄၀၀ ဖြစ်ပါက

 (ကျပ်)

တစ်နှစ်စုစုပေါင်းလစာဝင်ငွေ            =       ၁၁,၂၅၆,၀၀၀

(US $ ၈၄၀၀ x ၁၃၄၀ ကျပ်)       

(နုတ်)အခြေခံသက်သာခွင့်               =       ၂,၂၅၁,၂၀၀

[၁၁,၂၅၆,၀၀၀ x ၂၀%]

အတူနေမိဘအတွက်သက်သာခွင့်     =       ၂,၀၀၀,၀၀၀

[တစ်ဦး ၁,၀၀၀,၀၀၀စီ x ၂ ဦး]     

အိမ်ထောင်ဖက်အတွက်သက်သာခွင့် =       ၁,၀၀၀,၀၀၀

သားသမီး ၂ ဦးအတွက်သက်သာခွင့်  =       ၁,၀၀၀,၀၀၀

[တစ်ဦး ၅၀၀,၀၀၀ စီ x ၂ ဦး]

ဦးလှနှင့် အိမ်ထောင်ဖက် အသက်အာမခံ     =       ၅၀,၀၀၀

[ဦးလှအတွက်၃၀,၀၀၀+ဇနီး ၂၀,၀၀၀]

ဦးလှအတွက်ထည့်ဝင် လူမှုဖူလုံရေးရန်ပုံငွေ  =       ၅၀,၀၀၀

(နုတ်) သက်သာခွင့်စုစုပေါင်း                      =       ၆,၃၅၁,၂၀၀

အခွန်စည်းကြပ်ရန်ဝင်ငွေ                          =       ၄,၉၀၄,၈၀၀

အခွန်တွက်ချက်ခြင်း

ကျပ်သိန်း ၂၀ အထိ "၀%" ဖြင့်                   =       ၀

၂,၀၀၀,၀၀၁ မှ ၄,၉၀၄,၈၀၀ အထိ ၂,၉၀၄,၈၀၀ x ၅%ဖြင့်          =       ၁၄၅,၂၄၀

တစ်နှစ်ကျသင့်အခွန်  =       ၁၄၅,၂၄၀

တစ်လကျသင့်အခွန်   =       ၁၂,၁၀၃

နှစ်တစ်နှစ်အတွင်း ရက်ပေါင်း ၁၈၃ ရက်အောက် မြန်မာနိုင်ငံအတွင်း နေထိုင်သော (ပြည်ပနေ) နိုင်ငံခြားသားအတွက် တွက်ချက်မှုနမူနာပုံစံ

Mr. Smart ၏ တစ်နှစ်လစာရရှိငွေ          US $ ၈၄၀၀ ဖြစ်ပါက

(မြန်မာနိုင်ငံတွင် ၃ လ နေထိုင်ပါသည်။)

     (ကျပ်)

တစ်နှစ်လစာရရှိငွေ              =       ၁၁,၂၅၆,၀၀၀

 (US $ ၈၄၀၀ x ၁၃၄၀ ကျပ်)       

အခွန်တွက်ချက်ရန်ဝင်ငွေ      =       ၁၁,၂၅၆,၀၀၀

အခွန်တွက်ချက်ခြင်း

ကျပ်သိန်း ၂၀ အထိ "၀%" ဖြင့်       =       ၀

၂,၀၀၀,၀၀၁ မှ ၅,၀၀၀,၀၀၀ အထိ     ၃,၀၀၀,၀၀၀ x ၅% ဖြင့်    =       ၁၅၀,၀၀၀

၅,၀၀၀,၀၀၁ မှ ၁၀,၀၀၀,၀၀၀ အထိ  ၅,၀၀၀,၀၀၀ x ၁၀% ဖြင့်  =       ၅၀၀,၀၀၀

၁၀,၀၀၀,၀၀၁ မှ ၁၁,၂၅၆,၀၀၀ အထိ ၁,၂၅၆,၀၀၀ x ၁၅% ဖြင့်  =       ၁၈၈,၄၀၀

တစ်နှစ်ကျသင့်အခွန်  =       ၈၃၈,၄၀၀

တစ်လကျသင့်အခွန်   =       ၂၇၉,၄၆၆

တစ်လပေးသွင်းရမည့်အခွန်   =       US $ ၂၀၈.၅၅

  • ရှင်းလင်းချက်

            - ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ ၂၄ အရ သက်သာခွင့်များ နုတ်ပယ်ခွင့်‌မရှိပါ။

            - ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၃၀ အရ လစာဝင်ငွေခေါင်းစဉ်အတွက် ရရှိသည့်ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်မည်ဖြစ်ပါသည်။

            -ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၈ အရ လစာနှစ်ချုပ်စာရင်းကို ပေးပို့ချိန်တွင် လစဉ်ငွေလဲလှယ်နှုန်းထား အမှန်ဖြင့် စာရင်းညှိနှိုင်းရမည်ဖြစ်ပါသည်။

  • မရှင်းလင်းသည့်အချက်များကို ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (သို့မဟုတ်) အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၃၃ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း၊ ၂၂x၂၃ လမ်းကြား၊ ဖုန်းနံပါတ်- ၀၂-၄၀၃၀၁၉၂ သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန