အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်ခြင်း ကိစ္စနှင့်စပ်လျဉ်း၍ ထပ်မံအသိပေးကြေညာခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်ခြင်း ကိစ္စနှင့်စပ်လျဉ်း၍ ထပ်မံအသိပေးကြေညာခြင်း

 

၁။    ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းကုမ္ပဏီများ အခွန်ငွေပေးသွင်းခြင်း လုပ်ငန်းစဉ်တွင် လက်ရှိကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ရောဂါကို တတ်နိုင်သမျှ အကာအကွယ်ဖြစ်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် အီလက်ထရောနစ်စနစ်များကို အသုံးပြုကာ လွယ်ကူလျင်မြန်စွာ အခွန်ပေးဆောင်နိုင်ရန် ရည်ရွယ်၍ ပုဂ္ဂလိကဘဏ်များ၏ m-Banking, e-Banking, i-Banking စနစ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများ၏ Mobile Payment စနစ်များ ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။      လက်ရှိတွင် အခွန်ထမ်းများအနေဖြင့် IRD Website (www.ird.gov.mm) ၏ Start Your Tax Online Payment မှတစ်ဆင့် Link ဝင်၍ MPU Corporate Debit Card အသုံးပြုကာ Online မှ အခွန်ပေးသွင်းခြင်းအပြင် ပုဂ္ဂလိကဘဏ်များဖြစ်သော သမဝါယမဘဏ်လီမိတက် (CB Bank) နှင့် ဧရာဝတီဘဏ်လီမိတက် (AYA Bank) တို့၏ အီလက်ထရောနစ်ငွေပေးချေမှု စနစ်များကို အသုံးပြု၍လည်း အခွန်ပေးဆောင်နေပြီ ဖြစ်ပါသည်။

၃။      ထို့ပြင် အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ရရှိပြီးဖြစ်သော အခွန်ထမ်းများအနေဖြင့် ယူအေဘီဘဏ်လီမိတက် (uab bank) ၏ SaiSai Pay စနစ်ကို အသုံးပြု၍ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၅) ရက်နေ့မှ စတင်အခွန်ပေးဆောင်နိုင်မည်ဖြစ်ပြီး uab Mobile Banking နှင့် Internet Banking စနစ်များဖြင့်လည်း မကြာမီပေးဆောင်နိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။

၄။    ထိုသို့ အခွန်ပေးသွင်းရာတွင် ပေးသွင်းမှုအထောက်အထားများအဖြစ် ယူအေဘီဘဏ်လီမိတက် (uab bank) အနေဖြင့် အခွန်ထမ်းသို့ ဘဏ်ငွေလက်ခံဖြတ်ပိုင်း ကနဦးထုတ်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET မှတစ်ဆင့် အခွန်ငွေ လွှဲပြောင်းပေးပြီးနောက် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေလွှဲပြောင်းပေးသွင်းပြီးကြောင်း အထောက်အထားများကို email အသုံးပြု ပေးပို့အကြောင်းကြားသွားမည် ဖြစ်ပါသည်။

၅။   အခြားသော ပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ချိန်တွင်လည်း ထပ်မံအသိပေးကြေညာသွားမည် ဖြစ်ပါသည်။

၆။   သို့ဖြစ်ပါ၍ အခွန်ထမ်းပြည်သူများအနေဖြင့် ဘဏ်များသို့ ကိုယ်တိုင် (သို့) ကိုယ်စားလှယ်ဖြင့် ငွေသား/ချက်လက်မှတ်များ သွားရောက်ပေးသွင်းရမည့်အစား အီလက်ထရောနစ်ငွေပေးချေမှု စနစ်များအသုံးပြု၍ လုံခြုံစိတ်ချစွာဖြင့် အခွန်ငွေများကို ပေးဆောင်ကြရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

၇။     အသေးစိတ်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သည့် www.ird.gov.mm တွင်ကြည့်ရှုနိုင်ပြီး သက်ဆိုင်ရာအခွန်ရုံးများနှင့် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ (e-Payment Section၊ ရန်ကုန်)၊ အမှတ် ၅၆၉/၅၇၇၊ ကုန်သည် လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

 

 

 

ပုံ (မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန