အခွန်ကင်းလွတ်ခွင့်ပြုထားသော မော်တော်ယာဉ်များနှင့် ပတ်သက်၍သိရှိနိုင်ပါရန် ကြေညာခြင်း

လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များတွင် အသုံးပြုသည့် ပြည်တွင်းထုတ်နှင့် ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်မည့် နာရေးယာဉ်၊ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များအတွက် အခွန်ကင်းလွတ်ခွင့်ပြုပေးထားခြင်းအား သိရှိနိုင်ပါရန် ကြေညာခြင်း

ပြည်တွင်းထုတ်နှင့် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအနက် လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များတွင် အသုံးပြုသည့် မော်တော်ယာဉ်များအပေါ် တည်ဆဲ အခွန်ဆိုင်ရာဥပဒေများအရ အသင်းအဖွဲ့အမည်ဖြင့် မှတ်ပုံတင်မည့် နာရေးယာဉ်၊ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များအတွက် အခွန်ကင်းလွတ်ခွင့်များကို အောက်ပါအတိုင်း ခွင့်ပြုထားပါကြောင်း အသိပေးအပ်ပါသည်-

(က)    ဝင်ငွေခွန်ကင်းလွတ်ခွင့်

          (၁)     ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-ခ ၏ လုပ်ပိုင်ခွင့်အရ ၂၂-၁-၂၀၁၈ ရက်စွဲပါ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၇/၂၀၁၈ အရ ပြည်ပမှ တင်သွင်းသည့် နာရေးယာဉ်၊ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များ အပေါ် ကြိုတင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကင်းလွတ်ခွင့်ပြုထားပါသည်။

(ခ)     ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်

        (၁)     ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ (က) ၏ ဇယားအမှတ်စဉ် ၇၄ အရ မီးသတ်ယာဉ်များနှင့် နာရေးယာဉ်များ အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုထားပါသည်။

          (၂)     ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ(ခ) အရ“ပြည်တွင်းပြည်ပအလှူရှင် များ၊ နိုင်ငံတကာအဖွဲအစည်းများမှ နိုင်ငံတော်အတွင်း လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ အတွက် လှူဒါန်းသည့် နာရေးယာဉ်၊ လူနာ တင်ယာဉ်၊ မီးသတ်ယာဉ်များ” ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ကုန်သွယ် လုပ်ငန်းခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုပေးနိုင်ပါသည်။    

(ဂ)     အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်

          (၁)     အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၉ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၅) အရ “ ပြည်တွင်း ပြည်ပ အလှူရှင်များမှ ပြည်တွင်း၌ အဖွဲ့အစည်းများသို့ လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက် အသုံးပြုရန် တင်သွင်းသော သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်သော နာရေးယာဉ်၊ လူနာတင်ယာဉ်၊ မီးသတ်ယာဉ်များ” အပေါ် အထူးကုန်စည်ခွန်ကင်း လွတ်ခွင့်ပြုထားပါသည်။

 

ပြည်တွင်းအခွန်များဦးစီးဌာန