ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
ဝင်ငွေခွန်ကြေညာလွှာ/လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန်နှိုးဆော်ခြင်း
၁။ ဝင်ငွေနှစ်၊ ရောင်းရငွေ/ရငွေရရှိသောနှစ်။ ကြေညာလွှာပြုစုတင်သွင်းရမည့် ဝင်ငွေနှစ်၊ ရောင်းရငွေ၊ ရငွေရရှိသောနှစ် (စာရင်းပြုစုရမည့်ကာလ) သတ်မှတ်ချက်မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ဖြစ်ပါသည်။
၂။ ကြေညာလွှာလက်ခံမည့်ရုံးများ။ လက်ရှိအခွန်ထမ်းဖြစ်ပါက ဆိုင်ရာအခွန်စီမံခန့်ခွဲမှုကို ဆောင်ရွက်နေသောရုံးတွင် တင်သွင်းရန်ဖြစ်ပြီး၊ အခွန်ထမ်းသစ်ကုမ္ပဏီဖြစ်ပါက နိုင်ငံခြားကုမ္ပဏီကို အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၂) တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာကုမ္ပဏီဖြစ်ပါက အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၄) တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြန်မာကုမ္ပဏီဖြစ်ပါက အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၅) တွင်လည်းကောင်း၊ ကျန်တိုင်းဒေသကြီး/ပြည်နယ်ရှိ မြန်မာကုမ္ပဏီဖြစ်ပါက ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်လည်းကောင်း၊ တစ်ဦးချင်းအခွန်ထမ်းဖြစ်ပါက ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်လည်းကောင်း တင်သွင်းရန်ဖြစ်ပါ သည်။
၃။ တင်သွင်းနိုင်သည့်နည်းလမ်း။ အောက်ပါနည်းလမ်း (၃) မျိုးဖြင့် တင်သွင်းနိုင်ပါသည်-
(က) | လူကိုယ်တိုင်ပေးပို့တင်သွင်းခြင်း။ | လူကိုယ်တိုင်ပေးပို့ခြင်းဖြစ်ပါက လက်ခံဖြတ်ပိုင်းတွင် ဦးစီးဌာနက တံဆိပ်ရိုက်နှိပ် ဖော်ပြသည့်နေ့တွင် တင်သွင်းသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။ |
(ခ) | စာတိုက်မှပေးပို့ခြင်း။ | စာတိုက်မှပေးပို့ခြင်းဖြစ်ပါက ပေးပို့သည့်စာတိုက်တံဆိပ်ပါ ရက်စွဲ တွင် တင်သွင်းသည်ဟု မှတ်ယူမည်ဖြစ်ပါသည်။ |
(ဂ) | အီလက်ထရောနစ်နည်းဖြင့်ပေးပို့ခြင်း။ | အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်းဖြစ်ပါက ဦးစီးဌာနက အီလက်ထရောနစ်နည်းဖြင့် လက်ခံရရှိသည့်နေ့တွင် တင်သွင်း သည်ဟုမှတ်ယူမည် ဖြစ်ပါသည်။ ယင်းနေ့သည် အများပြည်သူ ရုံးပိတ်ရက်တွင် ကျရောက်လျှင် ယင်းနေ့နှင့်နောက်တစ်ဆက် တည်းဖြစ်သော အများပြည်သူရုံးဖွင့်ရက်တွင် လက်ခံရရှိသည်ဟု မှတ်ယူမည် ဖြစ်ပါသည်။ |
၄။ ကြေညာလွှာဖြည့်စွက်ခြင်း။ အောက်ပါအတိုင်းလိုက်နာရန်လိုအပ်ပါသည်-
(က) | ပြည်တွင်းအခွန်များဦးစီးဌာနမှ သတ်မှတ်ထားသည့် သက်ဆိုင်ရာပုံစံများကို အသုံးပြုရမည် ဖြစ်ပါသည်။ |
(ခ) | အခွန်ထမ်းသည် အခွန်ကြေညာလွှာများ၏ မှန်ကန်တိကျမှုနှင့်ပြည့်စုံမှုကို တာဝန်ခံရမည်ဖြစ်ပါ သဖြင့် သတ်မှတ်ကြေညာလွှာပုံစံများကို ပြည့်စုံစွာ ဖြည့်စွက်ရန် လိုအပ်ပါသည်။ |
(ဂ) | ကြေညာလွှာပုံစံတွင် အခွန်ထမ်းကိုယ်တိုင် လက်မှတ်ရေးထိုးတင်သွင်းရမည် ဖြစ်ပါသည်။ အခွန်ကြေညာလွှာ သို့မဟုတ် အခွန်ကြေညာလွှာ၏ တစ်စိတ်တစ်ပိုင်းကို အခကြေးငွေရယူ၍ ပြင်ဆင်ပေးခြင်းဖြစ်ပါက ပြင်ဆင်ပေးသည့် ပုဂ္ဂိုလ်ကလည်း ကြေညာလွှာတွင် ပူးတွဲလက်မှတ် ရေးထိုးရန်လိုအပ်ပါသည်။ |
၅။ တင်သွင်းရမည့်နောက်ဆုံးရက်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ (အင်္ဂါနေ့) ဖြစ်ပါသည်။
(မှတ်ချက်။ သက်ဆိုင်ရာဥပဒေများအရ ကြေညာလွှာတင်သွင်းရမည့် နောက်ဆုံးနေ့ဖြစ်သော ၃၁-၁၂-၂၀၂၀ ရက်နေ့မှ ၄-၁-၂၀၂၁ ရက်နေ့အထိ (၅) ရက်သည် အများပြည်သူရုံးပိတ်ရက်များ ဖြစ်နေခြင်းကြောင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က)အရ ၄-၁-၂၀၂၁နေ့နှင့် တစ်ဆက်တည်းဖြစ်သော အများပြည်သူရုံးဖွင့်ရက်ဖြစ်သည့် ၅-၁-၂၀၂၁ ရက်နေ့ (အင်္ဂါနေ့)ကို သတ်မှတ်ခြင်း ဖြစ်ပါသည်။)
၆။ ဒဏ်ကြေးငွေ။ အခွန်ကြေညာလွှာများကို အချိန်မီတင်သွင်းရန် ပျက်ကွက်ပါက အောက်ပါဒဏ်ကြေးငွေနှစ်ရပ်အနက်မှ များရာဒဏ်ကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်-
(က) | ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန် သတ်မှတ်ထားသည့်နေ့မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏အစိတ်အပိုင်း အတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊ |
(ခ) | ငွေကျပ်တစ်သိန်း။ |
၇။ အခွန်ထမ်း၏အခွင့်အရေး။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း ကြေညာလွှာကို အချိန်မီတင်သွင်းရန် အခက်အခဲရှိပါက အခွန်ကြေညာလွှာတင်သွင်းရမည့် သတ်မှတ်ရက်ကို တိုးမြှင့်ပေးရန် သက်ဆိုင်ရာအခွန်ရုံးသို့ ကြိုတင် လျှောက်ထားနိုင်ပါသည်။
၈။ စုံစမ်းရန်။ မရှင်းလင်းသည့် အချက်များကို သက်ဆိုင်ရာရုံးများနှင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး အခြားလိုအပ်ချက်များရှိပါက အောက်ဖော်ပြပါ ဝန်ဆောင်မှုရုံးများကိုလည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည် -
(က) | အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး အမှတ်၊ ၅၉/၆၁၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက် တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂ |
(ခ) | အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၂၂ ၊ ၀၆၇-၃၄၃၀၅၃၃ |
(ဂ) | အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁ ၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်-၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂ |
(ဃ) | အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း ၊ ၂၂ x ၂၃ လမ်းကြား၊ ဖုန်းနံပါတ် - ၀၂-၄၀၃၀၁၉၂ |
ပြည်တွင်းအခွန်များဦးစီးဌာန