ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်သုံးလတစ်ကြိမ် ကြေညာလွှာများအား e-mail ဖြင့်တင်သွင်းနိုင်ကြောင်း အသိပေးကြေညာချက်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်သုံးလတစ်ကြိမ် ကြေညာလွှာများအား e-mail ဖြင့်တင်သွင်းနိုင်ကြောင်း အသိပေးကြေညာချက်

၁။  နှစ်တစ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်ထိုက်သော ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ ရှိသူများအနေဖြင့် သုံးလတစ်ကြိမ် ကြေညာလွှာကို သက်ဆိုင်ရာ သုံးလပတ် ကုန်ဆုံးပြီး တစ်လအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ တင်သွင်းရန် လိုအပ်ပါသည်။ အခွန်ကျသင့်သော အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူသည် အထူးကုန်စည်ကို ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပတင်ပို့ခြင်းအတွက် သုံးလပတ်ကြေညာလွှာကို သက်ဆိုင်ရာ သုံးလပတ်ကုန်ဆုံးပြီး ၁၀ ရက်အတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ တင်သွင်းရန်လိုအပ်ပါသည်။ 

၂။  အထူးကုန်စည်ခွန် သုံးလတစ်ကြိမ်ကြေညာလွှာတင်သွင်းသူများအနေဖြင့် ကြေညာလွှာ တင်သွင်းရမည့်နောက်ဆုံးရက်သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၀ ရက် တနင်္လာနေ့ဖြစ်ပါသည် -

(မှတ်ချက်။ အထူးကုန်စည်ခွန်ဥပဒေအရ ကြေညာလွှာတင်သွင်းရမည့် နောက်ဆုံးနေ့ဖြစ်သော (၁၀.၄.၂၀၂၀) ရက်၊ သောကြာနေ့သည် နှစ်သစ်ကူးရုံးပိတ်ရက် ဖြစ်သောကြောင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) အရ အများပြည်သူရုံးဖွင့်ရက်ဖြစ် သည့် ၂၀.၄.၂၀၂၀ နေ့ကို သတ်မှတ်ခြင်းဖြစ်ပါသည်။)

၃။  အခွန်ကြေညာလွှာကို သတ်မှတ်ရက်အတွင်း တင်သွင်းနိုင်ခြင်းမရှိပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၄ အရ အခွန်ကြေညာလွှာတင်သွင်းရမည့် သတ်မှတ်ရက်ကို တိုးမြှင့်ပေးရန် သက်ဆိုင်ရာအခွန်ရုံးသို့ လျှောက်ထားနိုင်ပါသည်။

၄။  ကုန်သွယ်လုပ်ငန်းခွန် သုံးလတစ်ကြိမ်ကြေညာလွှာပေးပို့ရန် ပျက်ကွက်လျှင် ငွေကျပ် တစ်သိန်း ကိုလည်းကောင်း၊ အထူးကုန်စည်ခွန် သုံးလတစ်ကြိမ်ကြေညာလွှာ ပေးပို့ရန်ပျက်ကွက်လျှင် အောက်ပါဒဏ်ကြေးငွေနှစ်ရပ်အနက်မှများရာဒဏ်ကြေးငွေ ကိုလည်း ကောင်း ပေးဆောင်ရမည်ဖြစ်ပါသည်-

(က) ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန် သတ်မှတ်ထားသည့်နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက်နေသည့် တစ်လချင်းစီ အတွက် သို့မဟုတ် တစ်လ၏ အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏  ၁ ရာခိုင်နှုန်း၊

(ခ) ငွေကျပ်တစ်သိန်း။

(ဒဏ်ကြေး‌ငွေပေးဆောင်ရမည့် ပုဂ္ဂိုလ်က လုံ‌လောက်သောအကြောင်းပြချက်တင်ပြပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၄၊ ပုဒ်မခွဲ (ဈ) အရ ညွှန်ကြားရေးမှူးချုပ်က ယင်းဒဏ်ကြေးငွေအား ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်ကြောင်း ရှင်းလင်း အသိပေးအပ်ပါသည်။)

၅။  အခွန်ထမ်းပြည်သူများနှင့် ဌာနမှဝန်ထမ်းများပါဝင်သော သုံးလပတ်ကြေညာလွှာ တင်သွင်းသည့် လုပ်ငန်းစဉ်တွင် COVID-19 ရောဂါကို တတ်နိုင်သမျှ အကာအကွယ်ဖြစ်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ‌ကြေညာလွှာပုံစံ များကို e-mail ဖြင့် ပေးပို့ဆောင်ရွက်နိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ e-mail ဖြင့် ပေးပို့လိုသည့် အခွန်ထမ်းများအနေဖြင့် Fillable PDF File /Word File များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm တွင် Download ရယူ၍ အောက်ဖော်ပြပါ မိမိနှင့်သက်ဆိုင်သည့် အခွန်ရုံးအသီးသီး၏ e-mail လိပ်စာများသို့ ပြန်လည်ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်-

၆။  ကြေညာလွှာကို စာတိုက်မှပေးပို့ခြင်းဖြစ်ပါက ပေးပို့သည့်စာတိုက်တံဆိပ်ပါ ရက်စွဲအား  တင်သွင်းသည့်နေ့ဟု မှတ်ယူမည်ဖြစ်ပါသည်။ အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်းဖြစ်ပါက ဌာနက အီလက်ထရောနစ်နည်းဖြင့် လက်ခံရရှိသည့်နေ့အား တင်သွင်းသည်ဟု မှတ်ယူမည်ဖြစ်ပြီး ယင်းပေးပို့သည့်နေ့သည် အများပြည်သူရုံးပိတ်ရက်တွင် ကျရောက်ခဲ့ပါက ယင်းနေ့နှင့် နောက်တစ်ဆက်တည်းဖြစ်သော အများပြည်သူရုံးဖွင့်ရက်တွင် လက်ခံရရှိသည်ဟု သတ်မှတ်မည်ဖြစ်ပါသည်။

၇။  အထူးကုန်စည်ခွန် သုံးလပတ်ကြေညာလွှာများကို e-mail ဖြင့် ပေးပို့ပြီးပါက လက်မှတ်ရေးထိုးထားသည့် ကြေညာလွှာမူရင်းကို သင့်ရာနည်းဖြင့် သက်ဆိုင်ရာအခွန်ရုံးသို့ မပျက်မကွက် (မပျက်မကွက်) ပေးပို့ရန်ဖြစ်ပါကြောင်း အထူးမေတ္တာရပ်ခံအပ်ပါသည်။ ကြေညာလွှာ တင်သွင်းသည့်နေ့ကို ဦးစီးဌာနမှ e-mail လက်ခံရရှိသည့်နေ့အား သတ်မှတ်ပေးမည် ဖြစ်ပါသည်။ 

၈။  သုံးလပတ်ကြေညာလွှာပုံစံများဖြည့်သွင်းခြင်းနှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးချက် Video File များကို www.ird.gov.mm > media တွင် လေ့လာနိုင်ပြီး ထပ်မံသိရှိလိုသည်များရှိပါက အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ်၊ ၄၆ ပြည်တွင်းအခွန် များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၃၃ ၊ ၀၆၇-၃၄၃၀၅၂၂ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

ပုံ (မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန