ကျပ် (၁၀၀၀) တန် အောင်ဘာလေထီစာအုပ် ဝယ်ယူရောင်းချလိုသူများအနေဖြင့် လိုက်နာလုပ်ဆောင်ရန်အချက်များ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန် လ ၁၁ ရက်)

          ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် ကျပ် ၁၀၀၀တန် အောင်ဘာလေထီလက်မှတ်များကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ) အတွက် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် စတင်ရောင်းချပေးသွားမည် ဖြစ်ရာ ထီစာအုပ်ဝယ်ယူရောင်းချလိုသူများအနေဖြင့် အောက်ဖော်ပြပါအချက်များနှင့်အညီ ဆောင်ရွက်ကြရန် ကြေညာအပ်ပါသည်-

(က)ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သူများအနေဖြင့် အောင်ဘာလေထီစာအုပ်များ ဝယ်ယူရောင်းချလိုပါက အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်) သို့လည်းကောင်း၊ မန္တလေးမြို့စည်ပင်သာယာရေးနယ်နမိတ်အတွင်း နေထိုင်သူများအနေဖြင့် အောင်ဘာလေ ထီစာအုပ်များဝယ်ယူရောင်းချလိုပါက အောင်ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ) သို့လည်းကောင်း၊ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များမှ အောင်ဘာလေထီစာအုပ်များ ဝယ်ယူရောင်းချလိုသူများအနေဖြင့် မိမိတို့နေထိုင်ရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ လည်းကောင်း လျှောက်ထားနိုင်ပါသည်။

(ခ)အောင်ဘာလေထီစာအုပ် ဝယ်ယူရောင်းချရန် လျှောက်ထားသူများသည် ထီလုပ်ငန်းအမှန်တကယ်လုပ်ကိုင်၍ ထီဆိုင်ဖွင့်လှစ်ရောင်းချသူများဖြစ်ရန်လိုအပ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်း မူရင်း/မိတ္တူ၊ ထီစာအုပ် ရေ(၁၀၀၀) နှင့် အထက်လျှောက်ထားပါက သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင် မူရင်း/မိတ္တူ၊ ထီစာအုပ်ဝယ်ယူရရှိပါက သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမည်ဖြစ်ကြောင်း ကတိခံဝန်ချက် စသည်များကို လျှောက်လွှာနှင့်အတူ ကိုယ်တိုင်တင်ပြလျှောက်ထား ရ မည်ဖြစ်ပါသည်။

(ဂ)ထီလုပ်ငန်းရှင်အဟောင်းများအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လစဉ် ကျပ် ၁၀၀၀ တန် ထီ( ၅၀၀ )အုပ်နှင့် အထက် ရရှိသူများဖြစ်ပါက မိမိနေထိုင်ရာ (သို့မဟုတ်) လုပ်ငန်းတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ထီဆိုင်လုပ်ငန်းအတွက် အခွန်ကိစ္စ ဆောင်ရွက် ပြီးကြောင်း ထောက်ခံစာမူရင်း/မိတ္တူ (သို့မဟုတ်) ထီဆိုင်လုပ်ငန်းအတွက် အခွန်ကိစ္စလုံလောက်သော အစီအစဉ်များပြုလုပ်ပြီးကြောင်း ထောက်ခံစာ မူရင်း/ မိတ္တူ များကိုလည်း ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။

(ဃ)လျှောက်လွှာများကို သက်ဆိုင်ရာရုံးများသို့ (၁၅-၆-၂၀၂၀) ရက်နေ့မှ (၂၆-၆-၂၀၂၀) ရက်နေ့ အတွင်း တင်သွင်းရမည် ဖြစ်ပါသည်။

(င)လစဉ်ဝယ်ယူခွင့်ရရှိထားသော ထီစာအုပ်အရေအတွက်အရ ထီလက်မှတ်(၁၁)စောင်ပါ ထီစာ အုပ် တစ်အုပ်လျှင် အာမခံငွေ(Deposit) (၂၀၀) ကျပ်နှုန်းဖြင့် (၃) လစာ အတွက် ကျပ် (၆၀၀) ကို ကြိုတင်ပေးသွင်းရမည် ဖြစ်ပါသည်။

(စ)ထီစာအုပ် ဝယ်ယူရောင်းချလိုသူများအနေဖြင့် တစ်လလျှင် မိမိရောင်းရမည့် ထီစာအုပ်အရေအတွက်အရ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် တာဝန်ယူရောင်းချမည့် ထီစာအုပ်အရေအတွက်ကို ဖော်ပြလျက် မပျက်မကွက်ဝယ်ယူမည်ဖြစ်ကြောင်း သဘောတူကတိစာချုပ် ချုပ်ဆိုရမည်ဖြစ်ပါသည်။

(ဆ)ထီစာအုပ်များ ဝယ်ယူရောင်းချရန် သဘောတူကတိစာချုပ်ချုပ်ဆိုပြီးပါက စာချုပ်ပါ သဘောတူညီချက် တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ပါက ထီစာအုပ်ဝယ်ယူခွင့်ရပ်စဲခြင်း၊ အာမခံငွေ(Deposit) များ နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူခြင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(ဇ)ဝယ်ယူခွင့်ရရှိသည့် ထီစာအုပ်အရေအတွက်အား အတည်ပြုချက်ရရှိပါက အာမခံငွေ (Deposit) ပေးသွင်းခြင်း၊ သဘောတူကတိစာချုပ်ချုပ်ဆိုခြင်းများကို (၂၁-၈-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ အပြီးဆောင်ရွက်ရပါမည်။

(ဈ)သတ်မှတ်ထားသည့်အချိန်အတွင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲပျက်ကွက်ခဲ့ပါက ထီလုပ်ငန်းရှင်စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။