ပြည်ပမှမော်တော်ယာဉ်တင်သွင်းသူများအနေဖြင့် Mobile Wallet Application အသုံးပြု၍ အခွန်ပေးဆောင်နိုင်ကြောင်း အသိပေးကြေညာခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

ပြည်ပမှမော်တော်ယာဉ်တင်သွင်းသူများအနေဖြင့် Mobile Wallet Application အသုံးပြု၍ အခွန်ပေးဆောင်နိုင်ကြောင်း အသိပေးကြေညာခြင်း

၁။     စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ပေးဆောင်မှုအဆင့်များတွင် လွယ်ကူမြန်ဆန်စေရန် ရည်ရွယ်၍ အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number-TIN) ရရှိပြီးဖြစ်သော အခွန်ထမ်းကုမ္ပဏီများအပြင် တစ်ဦးချင်း ပုဂ္ဂိုလ်အခွန်ထမ်းများအနေဖြင့်လည်း အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကိုအသုံးပြု၍ အခွန်ပေးဆောင်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။     ပထမအဆင့်အနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ ရန်ကုန်မြို့ရှိ ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းအတွက် အသုံးပြုသည့်ဝင်ငွေအပေါ် ကျသင့်ဝင်ငွေခွန်စိစစ်ကြပ်မတ်ရေးအဖွဲ့ရုံး (OSS) များတွင် ပြည်ပမှမော်တော်ယာဉ်တင်သွင်းသူများအနေဖြင့် ကျသင့် အခွန်များကိုပေးသွင်းရာ၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ငန်းလိုင်စင်ရရှိထားပြီး လုပ်ငန်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေသည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သော OK$ Mobile Wallet Application အသုံးပြု၍ အခွန်ပေးဆောင်နိုင်ပြီဖြစ်ပါသည်။

၃။     မော်တော်ယာဉ်တင်သွင်းခြင်းအပေါ် Mobile Wallet Application များအသုံးပြု၍ အခွန်ပေးဆောင်ရာတွင် Digital Money ဖြင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများ၏ Application ကိုအသုံးပြု၍ အခွန်စည်းကြပ်မှုမှတ်တမ်းစနစ်မှ ထုတ်ပေးသည့် ချလန်တွင် ပါရှိသော QR ကို Scan ဖတ်၍ ပေးဆောင်ရမည်ဖြစ်ပြီး အခွန်ငွေပေးသွင်းပြီးပါက Mobile Wallet Application ဖြင့်လက်ခံရရှိသော e-receipt ကိုတင်ပြ၍ မော်တော်ယာဉ်များဝယ်ယူခြင်းအပေါ် အခွန်ကိစ္စဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်ပုံစံထုတ်ပေးမည်ဖြစ်ပါသည်။

၄။     အခြားသော မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ Mobile Wallet Application များဖြင့် ဝန်ဆောင်မှုပေးနိုင်ချိန်တွင်လည်း ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါသည်။

၅။     အခွန်ထမ်းများအနေဖြင့် သိရှိလိုသည်များရှိပါက ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းအတွက် အသုံးပြုသည့်ဝင်ငွေအပေါ် ကျသင့်ဝင်ငွေ ခွန်စိစစ်ကြပ်မတ်ရေးအဖွဲ့ရုံး (ရန်ကုန်-OSS) ဖုန်းနံပါတ် ၀၁-၈၂၅၂၅၄၃၊ သက်ဆိုင်ရာအခွန်ရုံးများနှင့် သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ (e-Service Section) ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန