အကူးအပြောင်းကာလတွင် အခွန်စည်းကြပ်ခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ရာဇဝတ်ကြောင်းအရ အရေးယူခြင်းတို့နှင့် စပ်လျဉ်းသည့် အများပြည်သူသိရှိ လိုက်နာရန် သတ်မှတ်ချက် (အမှတ် - ၁/၂၀၂၀) အား အသိပေးကြေညာခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အကူးအပြောင်းကာလတွင် အခွန်စည်းကြပ်ခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ရာဇဝတ်ကြောင်းအရ  အရေးယူခြင်းတို့နှင့် စပ်လျဉ်းသည့် အများပြည်သူသိရှိ လိုက်နာရန် သတ်မှတ်ချက်

(အမှတ် - ၁/၂၀၂၀) အား အသိပေးကြေညာခြင်း

 

၁။       အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုများကို မူလဥပဒေများအရ ကျင့်သုံးဆောင်ရွက်ခြင်းအစား အခွန် ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖြင့် စတင်ကျင့်သုံးဆောင်ရွက်သည့် အကူးအပြောင်းကာလတွင် အခွန်စည်းကြပ်ခြင်း၊ ဒဏ်ငွေတပ်ရိုက်ခြင်းနှင့် ရာဇဝတ်ကြောင်းအရအရေးယူခြင်းတို့နှင့် စပ်လျဉ်း၍ အခွန်ဝန်ထမ်းများနှင့် အများပြည်သူတို့ ရှင်းလင်းမှုရှိစေရန် ရည်ရွယ်၍ အများ ပြည်သူ သိရှိလိုက်နာရန် သတ်မှတ်ချက် အမှတ် -၁/၂၀၂၀ ကို ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

အခွန်စည်းကြပ်ခြင်း

၂။       အခွန်စည်းကြပ်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ် အား ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်း ခွန်ဥပဒေတို့တွင် သာမန်အားဖြင့် စည်းကြပ်နှစ်ကုန်ဆုံးပြီး ၃ နှစ်အတွင်းဟုလည်းကောင်း၊ အထူးကုန်စည်ခွန်ဥပဒေ စည်းကြပ်မှုအမိန့်ချမှတ်သည့်နေ့မှ ၃ နှစ်အတွင်းဟုလည်းကောင်း စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှုပြုလုပ်နိုင်ကြောင်း သတ်မှတ်ချက်အား အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ စည်းကြပ်မှုအတွက် ကာလစည်းကမ်းသတ်မှာ သက်ဆိုင်ရာအခွန်ကာလကုန်ဆုံးပြီး ၆ နှစ်အတွင်း စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင် စည်းကြပ်မှုကို ပြုလုပ်နိုင်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။

၃။       အခွန်စည်းကြပ်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ အခွန်ထမ်း ပြည်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် မျှတမှုရှိစေရန်နှင့် အကျိုးစီးပွားထိခိုက်မှုမရှိစေရန် ရည်ရွယ်၍ စည်းကြပ်မှု သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုပြုလုပ်မည့် အစီအစဉ်ကို အောက်ပါ အတိုင်း သတ်မှတ်ဆောင်ရွက်မည်ဖြစ်ပါသည် -

       

ဒဏ်ကြေးငွေတပ်ရိုက်ခြင်း

၄။        အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် အကျိုးသက်ရောက်သည်ဖြစ်ရာ ယင်းဥပဒေ စတင်အကျိုးသက်ရောက်သည့်နေ့နှင့် ယင်းနေ့ နောက်ပိုင်း အခွန်ဆိုင်ရာ ပျက်ကွက်မှုများကို စီမံအုပ်ချုပ်မှုဥပဒေနှင့်အညီ  ကျင့်သုံး ဆောင်ရွက်မည်ဖြစ်ပြီး ယင်းနေ့မတိုင်မီက ပျက်ကွက်မှုများအတွက် သက်ဆိုင်ရာအခွန် ဥပဒေများနှင့်အညီ ကျင့်သုံးဆောင်ရွက်မည်ဖြစ်ပါသည်။ ဒဏ်ကြေးငွေတပ်ရိုက်ခြင်းနှင့် စပ်လျဉ်းသည့် နမူနာဖြစ်စဉ်များကို အများပြည်သူသိရှိလိုက်နာရန် သတ်မှတ်ချက် ၁/၂၀၂၀ တွင် အသေးစိတ်ရှင်းလင်းဖော်ပြထားပါသည်။

ရာဇဝတ်ကြောင်းအရ အရေးယူခြင်း

၅။        ရာဇဝတ်ကြောင်းအရ အရေးယူခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ မတိုင်မီက ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် သက်ဆိုင်ရာအခွန်ဥပဒေများအရ  အရေးယူ ဆောင်ရွက်မည်ဖြစ်ပြီး အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ စတင်အကျိုးသက်ရောက်သည့် နေ့နှင့် ယင်းနေ့နောက်ပိုင်းတွင် ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။

၆။        အများပြည်သူသိရှိ လိုက်နာရန် သတ်မှတ်ချက် အမှတ် - ၁/၂၀၂၀ အား အပြည့်အစုံဖတ်ရှု လေ့လာပါက ဌာန၏ website  ဖြစ်သော  www.ird.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါ သည်။

စုံစမ်းရန်       

၇။        မရှင်းလင်းသည့်အချက်များကို သက်ဆိုင်ရာရုံးများနှင့် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပြီး အခြားလိုအပ်ချက်များရှိပါက အောက်ဖော်ပြပါ ဝန်ဆောင်မှုရုံးများကိုလည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါသည် -

          (က)    အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ်၊ ၄၆ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၃၃ ၊ ၀၆၇-၃၄၃၀၅၂၂၊

          (ခ)      အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်)အမှတ် ၅၉/၆၁ ၊ ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊    ၀၁-၃၇၈၃၇၂၊

          (ဂ)      အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း ၊ ၂၂ x ၂၃ လမ်းကြား ၊ဖုန်းနံပါတ် - ၀၂-၄၀၃၀၁၉၂

 

ပုံ (မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန