မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော် ၊ စက်တင်ဘာလ ၆

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၈၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၃၀) နာရီက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းထွဋ်က မြို့နယ်အခွန်ဦးစီးဌာနမှူးများအနေဖြင့် ယခုသင်တန်းတွင် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ သိရှိလိုက်နာကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ခေတ်စနစ်နှင့်အညီ ပြုပြင် ပြောင်းလဲနေသော အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုအခြေအနေများ၊ အခွန်စည်းကြပ်ခြင်းနှင့် ဆက်စပ် နေသော စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာ စာရင်းစစ်ဆေးခြင်း၊ ICT နည်းပညာကိုအခြေခံပြီး အခွန် စည်းကြပ်ကောက်ခံခြင်းဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းနှင့်ဆက်စပ်နေသော ပင်စင်အမှုတွဲအမျိုးမျိုး တည်ဆောက်ပုံများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာသိမှတ်စရာများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာသိမှတ်စရာများကို စာတွေ့နှင့် လက်တွေ့ပေါင်းစပ်ပြီး ရက်သတ္တပတ်(၈)ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ပြည့်ဝစေရန်၊ ရုံးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုအရည်အချင်းများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရာနေရာများသို့ ပြန်လည်ရောက်ရှိကြသည့်အခါ သင်တန်းမှသင်ယူရရှိခဲ့သော အခွန်ကောက်ခံခြင်းဆိုင်ရာနည်းလမ်းများနှင့် ဆက်စပ်နေသောဗဟုသုတများအား လက်ဆင့်ကမ်း ပြန်လည်မျှဝေပေးပြီး တစ်ဦးနှင့်တစ်ဦး ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ မိမိသင်ယူရရှိခဲ့သည့် ဘာသာရပ်၊ အတွေ့အကြုံများကို အကျိုးရှိစွာ အသုံးချပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်ငွေများကို အလေအလွင့်မရှိစေဘဲ အပြည့်အဝကောက်ခံရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ သင်ကြားပို့ချပေးလိုက်သော တည်ဆဲအခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ကျေညက်စွာနားလည်သိရှိထားမှသာ မိမိတို့ လုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းသဘောသဘာဝအရ အခွန်ထမ်းပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် ပြည်သူ့အကျိုးကိုဆောင်ရွက်ပေးနေသော ပြည်သူ့ဝန်ထမ်း အသိစိတ်ဓာတ်ဖြင့် အခွန်ထမ်းပြည်သူများက ပေးဆောင်ရမည့်အခွန်ငွေများကို တာဝန်သိအခွန်ထမ်းပီသစွာ ပေးဆောင်လိုသည့် စိတ်ဆန္ဒရှိလာစေရေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးပြီး ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ အနာဂတ်တွင် မိမိတို့နိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ အစိုးရ၏အသုံးစရိတ်များကို အခွန်ငွေနှင့်အပြည့်အဝ ရပ်တည်ဆောင်ရွက် နိုင်သည့် နိုင်ငံဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့်ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့်ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး၊ ဌာနအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြ ပါရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး၊ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ သင်တန်းအား ရက်သတ္တ ရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အခွန်အယူခံခုံအဖွဲ့ရုံး တို့မှ  သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၆၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။