ပစ္စည်းခွန်ကောက်ခံခြင်းစနစ်အား ပိုမိုကောင်းမွန်သည့်စနစ်ဖြစ်ပေါ်လာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ဇူလိုင်လ ၉

 

ပစ္စည်းခွန်ကောက်ခံခြင်းစနစ်အား ပိုမိုကောင်းမွန်သည့်စနစ်ဖြစ်ပေါ်လာစေရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီး ဌာန၌ ကျင်းပသည်။

          အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး / ပြည်နယ် စည်ပင် သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

          ဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ပစ္စည်းခွန်ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ လက်တွေ့ကြုံတွေ့နေရသည့် အတွေ့အကြုံများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများအပေါ် အခြေပြု၍ ပိုမိုကောင်းမွန်သည့် ပစ္စည်းခွန်ကောက်ခံခြင်းဆိုင်ရာလုပ်ငန်းစဉ်၊ ကောက်ခံမှုပုံစံများကို ပြန်လည်စိစစ်၍တင်ပြရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့အားလုံးသို့ အကြောင်းကြားခဲ့ပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ ပြန်လည်တင်ပြလာမှုအပေါ် စုစည်းကောက်နုတ်တင်ပြရန် ညွှန်ကြားခဲ့ပါကြောင်း။

ပစ္စည်းခွန် (Property Tax) ကို နိုင်ငံအများစုတွင် ဒေသန္တရအစိုးရမှသော်လည်းကောင်း၊ မြို့နယ် အစိုးရ(စည်ပင်သာယာရေးကော်မတီ)မှသော်လည်းကောင်း ကောက်ခံလေ့ရှိကြပါကြောင်း၊ အခွန်အခြေ သတ်မှတ်ချက်(ဥပမာ - အဆောက်အဦ၊ မြေ)၊ အခွန်နှုန်းထား၊ ရာပြတ်တန်ဖိုးသတ်မှတ်ချက်နှင့် ကင်းလွတ် သက်သာခွင့်များသည် ပစ္စည်းခွန်ကောက်ခံရရှိမှု ပမာဏအနည်းအများကို ဖြစ်ပေါ်စေသည့် အဓိက အကြောင်းရင်းများ ဖြစ်ပါကြောင်း

          မြန်မာနိုင်ငံတွင် ပစ္စည်းခွန်ကောက်ခံရရှိမှု နည်းပါးစေသည့် အကြောင်းရင်းများမှာ ပစ္စည်းခွန် ကောက်ခံသည့်စနစ်ကို ပြည်သူများအကြား အလွယ်တကူနားလည်သဘောပေါက်အောင် ထိထိ‌ရောက်ရောက် မကျင့်သုံးနိုင်ခြင်း၊ နှစ်စဉ်ငှားရမ်းခနှုန်းထားများသည် လက်ရှိငှားရမ်းခနှုန်းထက် များစွာလျော့နည်းနေခြင်း တို့ကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ တင်ပြချက်များအရ သိရှိရပါကြောင်း။

ပစ္စည်းခွန်ကောက်ခံမှုစနစ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူများ၏ လူမှုီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ နိုင်ငံတစ်ဝန်း ဆင်းရဲချမ်းသာကွာဟချက်ကို ကျဉ်းမြောင်းစေခြင်း၊ မြို့ပြအုပ်ချုပ်ရေး စနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာအားကောင်းစေခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစိုးရများ၏ ကိုယ်ပိုင်ဘဏ္ဍာငွေရှာဖွေနိုင်မှု တိုးတက်ခိုင်မာလာစေခြင်းစသည့် အကျိုးကျေးဇူးများရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသည့် အခွန်ကောက်ခံမှုပုံစံ နည်းလမ်းတစ်ရပ် ဖြစ်ပါကြောင်း

ပစ္စည်းခွန်ကောက်ခံမှုကို စနစ်တကျပီပြင်စွာ အကောင်အထည်ဖော်နိုင်ပါက တိုင်းဒေသကြီး / ပြည်နယ်အစိုးရများ၏ အခွန်ဘဏ္ဍာရငွေ သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အ‌ရေးပါသည့် အခြေခံအဆောက်အဦစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရာ၌ ပြန်လည်အသုံးချလာနိုင်ည် ဖြစ်သည့်အပြင် ပြည်ထောင်စုအစိုးရက တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသို့ အခွန်ဝင်ငွေခွဲဝေပေးရန် တာဝန်လျော့နည်းလာမည်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်ဒေသအတွက် အပြန်အလှန် အကျိုး ကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်ည်ဖြစ်ပါကြောင်း၊ ပစ္စည်းခွန်ကောက်ခံခြင်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ယမုန်အောင်က ပိုမိုကောင်းမွန်သည့် ပစ္စည်းခွန်စနစ်ဖြစ်ပေါ်လာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြပါသည်။

ယင်းနောက် နေပြည်တော်ကောင်စီ၊ ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများက ပစ္စည်းခွန်ကောက်ခံမှု အခြေအနေများကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ထိရောက်ကောင်းမွန်သည့် ပစ္စည်းခွန်စနစ် ဖြစ်ပေါ်လာစေရေးအတွက် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်