လက်ကိုင်ဖုန်းဟန်းဆက် (Handset) ဘူးများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ် ရောင်းချစေရေးအတွက် အသိပေးကြေညာခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

လက်ကိုင်ဖုန်းဟန်းဆက် (Handset) ဘူးများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ် ရောင်းချစေရေးအတွက် အသိပေးကြေညာခြင်း

၁။     ၁-၇-၂၀၁၉ ရက်နေ့မှစ၍ လက်ကိုင်ဖုန်းဟန်းဆက်(Handset) ဘူးခွံများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်ကာလအထိဆိုပါက (၆) လကျော် အချိန် ကြာခဲ့ပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများလည်း တိုးမြင့်ကောက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။

၂။   အခွန်အမှတ်တံဆိပ်များထုတ်ယူရာ၌ လုပ်ငန်းရှင်များအနေဖြင့် လွယ်ကူအဆင်ပြေစေရန်အတွက် ပထမအကြိမ်ထုတ်ယူရာတွင် မည်သည့်အထောက်အထားကိုမျှ တင်ပြစေခြင်းမရှိဘဲ ထုတ်ပေးခဲ့ပြီး၊ ဒုတိယအကြိမ်မှစ၍ အခွန်အမှတ်တံဆိပ်များ လာရောက်ထုတ်ယူသည့် အခါတိုင်းတွင် တင်သွင်းသူ (Importer) များထံမှ တင်သွင်းသည့်လိုင်စင် (Import License)နှင့် သွင်းကုန်ကြေညာလွှာ (ID Form) တို့အား တောင်းခံစိစစ်ပြီးမှသာ လိုအပ်သည့် အခွန်အမှတ်တံဆိပ်များ ထပ်မံထုတ်ပေးသွားမည် ဖြစ်ကြောင်း ကြိုတင်အသိပေးထားပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း (MMIA) မှ ၃၁-၁၂-၂၀၁၉ ရက်နေ့အထိ စောင့်ဆိုင်း ပေးပါရန် တင်ပြအကူအညီတောင်းခံလာခဲ့ပါသည်။

၃။  ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း (MMIA)၏ တင်ပြချက်နှင့် ဈေးကွက်အတွင်းရှိ လက်ကိုင်ဖုန်းဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်များအပေါ်တွင် အခက်အခဲများ မဖြစ်ပေါ်စေရန်အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်အထိ အချိန်တိုးမြင့်သတ်မှတ်ပြီး လုပ်ငန်းရှင်များလိုအပ်သည့် အခွန်အမှတ်တံဆိပ်များအား လွယ်ကူစွာထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။

၄။    ယခုအခါတွင် လက်ကိုင်ဖုန်းဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းသည့် လုပ်ငန်းရှင်များ အနေဖြင့် လိုအပ်သည့်အခွန်အမှတ်တံဆိပ်များ လာရောက်ထုတ်ယူသည့်အခါများတွင် တင်သွင်းခွင့်လိုင်စင် (Import License)နှင့် သွင်းကုန်ကြေညာလွှာ (ID Form)များ ပြည့်စုံစွာ တင်ပြနိုင်မှသာ လိုအပ်သည့်အခွန်အမှတ်တံဆိပ်များအား ထုတ်ပေးသွားမည်ဖြစ်ပါသည်။

၅။  ထို့အပြင် လက်ကိုင်ဖုန်းဟန်းဆက်များအပေါ်တွင် ကပ်နှိပ်သည့်အမှတ်တံဆိပ်များအပေါ်ရှိ QR Code အမှတ်အသားများအား QR Scanner ဖြင့်ဖတ်ရှုပါက ဟန်းဆက်အမှတ်တံဆိပ်၊ ဆက်စပ်ပစ္စည်းနှင့် ဝန်ဆောင်မှုအမှတ်တံဆိပ်များအား ကွဲပြားစွာဖော်ပြနေမည်ဖြစ်ပါသဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် အခွန်အမှတ်တံဆိပ်များအား ကပ်နှိပ်အသုံးပြုသွားရန်နှင့် ထုတ်ယူထားသည့်အကြောင်းအရာနှင့် မသက်ဆိုင်သည့်ပစ္စည်းများ၊ ပြေစာများတွင်ကပ်နှိပ်အသုံးပြု ထားခြင်း၊ တစ်စိတ်တစ်ပိုင်း ကပ်နှိပ် ထားခြင်း၊ လုံးဝကပ်နှိပ်ထားခြင်းမရှိသည်များအား စစ်ဆေးတွေ့ရှိပါက အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိဟု သတ်မှတ်၍ လက်ဝယ်တွေ့ရှိသူအား ယင်းကုန်စည်တန်ဖိုး၏ ၁၀၀% ဒဏ်တပ်ရိုက်မည်ဖြစ်သည့်အပြင် အကောက်ခွန်ဥပဒေအရ အရေးယူ ခံရမည် ဖြစ်ပါသည်။

(အခွန်အမှတ်တံဆိပ်ပေါ်ရှိ QR Code အား QR Scanner ဖြင့် ဖတ်ပါက ဟန်းဆက်(သို့မဟုတ်) ဆက်စပ်ပစ္စည်းနှင့် ဝန်ဆောင်မှုဟူ၍ ကွဲပြားစွာဖော်ပြပေးမည့် နမူနာပုံစံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။)

၆။    သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာရုံးများတွင် အခွန်အမှတ်တံဆိပ်များ ထုတ်ယူသည့်အခါတွင် တင်သွင်းခွင့်လိုင်စင် (Import License) နှင့် သွင်းကုန်ကြေညာလွှာ   (ID Form) များ ပြည့်စုံစွာတင်ပြရန်၊ ထုတ်ယူထားသည့် အခွန်အမှတ် တံဆိပ်များအား သတ်မှတ်ထားသည့်အတိုင်း မှန်ကန်စွာကပ်နှိပ်အသုံးပြုကြရန်နှင့် လက်လီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် အခွန်အမှတ်တံဆိပ်များ မှန်ကန်ပြည့်စုံစွာ ကပ်နှိပ်ထားခြင်းမရှိသော လက်ကိုင်ဖုန်းဟန်းဆက်များအား တစ်ဆင့်ဝယ်ယူ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပေးအပ်ပါသည်။

 

 

ပုံ (မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန