တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများ E-Commerce ဖွင့်လှစ်ထားသော MPU Debit Card ကို အသုံးပြု၍ Online မှ အခွန်ပေးဆောင်နိုင်ရန် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၇၅) ရုံးအား ထပ်မံတိုးချဲ့ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာခြင်း
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများ E-Commerce ဖွင့်လှစ်ထားသော MPU Debit Card ကိုအသုံးပြု၍ Online မှ အခွန်ပေးဆောင်နိုင်ရန် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၇၅) ရုံးအား ထပ်မံတိုးချဲ့ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ပေးဆောင်မှု အဆင့်များတွင် လွယ်ကူမြန်ဆန်စေရန်ရည်ရွယ်၍ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ် အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများမှ ကုမ္ပဏီအခွန်ထမ်းများ၏ အခွန်ပေးဆောင်ခြင်းကို အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှု ကွန်ယက်စနစ် CBM-NET မှတစ်ဆင့်လည်းကောင်း၊ MPU E-Commerce ကိုအသုံးပြု၍ Online မှ လည်းကောင်း ပေးဆောင်နိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
၂။ ထို့ပြင် တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများအနေဖြင့် မိုဘိုင်းငွေပေးချေမှုနည်းလမ်း ၊ MPU E-Commerce ကိုအသုံးပြု၍ ငွေပေးချေမှုနည်းလမ်းစသည့် အီလက်ထရောနစ်ငွေပေးချေမှု နည်းလမ်းများဖြင့် အခွန်ပေးဆောင်နိုင်ရန် အဆင့်လိုက်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။
၃။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်၍ ယခင်ဆောင်ရွက်ပြီးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၃၆) ရုံး တို့အပြင် ယခုထပ်မံတိုးချဲ့သည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး (၇၅) ရုံး၊ စုစုပေါင်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၁၁၁) ရုံးတို့တွင် အခွန်ထမ်း ဆောင်လျက်ရှိသော တစ်ဦးချင်းပုဂ္ဂိုလ် အခွန်ထမ်းများအနေဖြင့် E-Commerce ဖွင့်လှစ်ထားသော MPU Debit Card ကို အသုံးပြု၍ ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm ၏ Start Your Tax Online Payment မှတစ်ဆင့် အခွန်ပေးဆောင်ခြင်း ဆောင်ရွက်နိုင်ရန် ထပ်မံတိုးချဲ့ဆောင်ရွက်ထားရှိပါသည်။ (အခွန်ပေးဆောင်နိုင်သည့် မြို့နယ် စာရင်းကို သီးခြားဖော်ပြထားရှိပါသည်)
၄။ MPU Debit Card ကိုအသုံးပြု၍ အခွန်ပေးသွင်းပြီးပါက စနစ်မှ အခွန်ပေးသွင်းသူထံသို့ Transaction Successful ဖြစ်ကြောင်း E-mail ကနဦးပေးပို့မည်ဖြစ်ပြီး သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများတွင် အခွန်ငွေလက်ခံရရှိပြီးပါက ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်း ပြီးကြောင်းအထောက်အထား [ပတခ(e-payment)] ကို အခွန်ထမ်းထံသို့ အီလက်ထရောနစ်နည်းဖြင့် ပေးပို့အကြောင်းကြားမည် ဖြစ်ပါသည်။
၅။ အခွန်ထမ်းများအနေဖြင့် အီလက်ထရောနစ်နည်းဖြင့် အခွန်ပေးသွင်းခြင်းလုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက အခွန်ထမ်းဝန်ဆောင်မှု ဗဟိုအဖွဲ့ရုံး၊ ဖုန်းနံပါတ် ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂၊ ၀၁-၈၃၇၈၃၇၀၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်)၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၄၄၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)၊ ဖုန်းနံပါတ် ၀၂-၄၀၃၀၁၉၂၊ အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာပိုင်းဆိုင်ရာအကူအညီပေးရေး စင်တာ (e-Services Help Desk Center) ဖုန်းနံပါတ် ၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅၊ သတင်းအချက်အလက်နည်းပညာဌာနခွဲ (e-Payment Section) ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ နှင့် သက်ဆိုင်ရာအခွန်ရုံးများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန