နိုင်ငံတော်သို့ အခွန်ပေးဆောင်နေကြသော ကုမ္ပဏီအခွန်ထမ်းများ၏ အခွန်ပေးသွင်းရာတွင် ငွေသား/ချက်လက်မှတ်ဖြင့် ပေးသွင်းနေမှုအစား အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြင့် ပြောင်းလဲကျင့်သုံးသွားမည့် အစီအစဉ်ကို အသိပေးကြေညာခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

နိုင်ငံတော်သို့ အခွန်ပေးဆောင်နေကြသော ကုမ္ပဏီအခွန်ထမ်းများ၏ အခွန်ပေးသွင်းရာတွင် ငွေသား/ချက်လက်မှတ်ဖြင့် ပေးသွင်းနေမှုအစား အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြင့် ပြောင်းလဲကျင့်သုံးသွားမည့် အစီအစဉ်ကို အသိပေးကြေညာခြင်း

၁။   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ အခွန်ပေးဆောင်ရာတွင် လွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြင့်လည်းကောင်း၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းများ (Mobile Banking, Mobile Payment) ဖြင့်လည်းကောင်း၊ MPU Debit Card အသုံးပြု၍ Online မှလည်းကောင်း သက်ဆိုင်ရာဘဏ်များနှင့်ချိတ်ဆက်၍ ပေးဆောင်နိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

၂။   အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number-TIN) ရရှိပြီးဖြစ်သော အခွန်ထမ်းများအနေဖြင့်  ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ရတနာခွန်တို့ကို မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများအပါအဝင် ပုဂ္ဂလိကဘဏ်များတွင် စာရင်းဖွင့်ထားရှိသော မိမိတို့ဘဏ်ငွေစာရင်း (Bank A/C) မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ယက်စနစ် CBM-NET ကို အသုံးပြု၍လည်းကောင်း၊ MPU Debit Card ဖြင့် Online Tax Payment System (https://onlinepayment.ird.gov.mm/etax) ကိုအသုံးပြု၍လည်းကောင်း မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံး၏ ဘဏ်စာရင်းသို့ အခွန်ပေးသွင်းနိုင်ပါသည်။

၃။   အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (သို့မဟုတ်) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများတွင် အခွန်ပေးဆောင်နေသည့် ကုမ္ပဏီများ၏ ဝန်ထမ်းများအတွက် လစာဝင်ငွေခွန်ပေးဆောင်ခြင်းကို အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများ၊ မိုဘိုင်းငွေပေး ချေမှု နည်းလမ်းများ (Mobile Banking, Mobile Payment) (သို့မဟုတ်) MPU Debit Card ကို အသုံးပြု၍ ကုမ္ပဏီအခွန်ထမ်းမှ အခွန်ထမ်းဆောင်နေသော အခွန်ရုံး၏ ဘဏ်စာရင်းသို့ ပေးဆောင်နိုင်ပါသည်။

၄။   ပုဂ္ဂလိကဘဏ်များရှိ မိမိတို့ဘဏ်ငွေစာရင်း (Bank A/C) မှ အီလက်ထရောနစ်ငွေပေးချေမှု နည်းလမ်းများ၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းများ  (Mobile Banking, Mobile Payment) (သို့မဟုတ်) MPU Debit Card ကို အသုံးပြု၍ အခွန်ပေးဆောင်ရာတွင် အခွန်ပေးသွင်းမှု အထောက်အထားများအဖြစ် သက်ဆိုင်ရာပုဂ္ဂလိကဘဏ်များမှ ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို ကနဦးထုတ်ပေးမည်ဖြစ်ပြီး   သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများ တွင် အခွန်ငွေလက်ခံရရှိပြီးပါက ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထား [ပတခ(e-payment)] ကို အခွန်ထမ်းထံသို့ ပေးပို့အကြောင်းကြားမည် ဖြစ်ပါသည်။

၅။   နိုင်ငံပိုင်ဘဏ်များတွင် ဘဏ်ငွေစာရင်း (Bank A/C) ဖွင့်လှစ်ထားရှိသည့် အခွန်ထမ်းများအနေဖြင့် ငွေသား/ချက်လက်မှတ်နှင့် စာရင်းပြောင်းနည်းဖြင့် အခွန်ပေးဆောင်နိုင်ပါသည်။

၆။   သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ဇူလိုင်လ (၁) ရက်နေ့မှစတင်၍ နိုင်ငံပိုင်ဘဏ်များတွင် ဘဏ်ငွေစာရင်း (Bank A/C) ဖွင့်လှစ်ထားသော အခွန်ထမ်းများမှအပ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် ရန်ကုန်မြို့ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန် ရုံးများရှိ အခွန်ထမ်းများအပြင် အဆိုပါရုံးများတွင် အခွန်ပေးဆောင်နေသော ကုမ္ပဏီများ၏ ဝန်ထမ်းများအတွက် လစာဝင်ငွေခွန်ပေးဆောင်ခြင်းများကို ငွေသား/ချက်လက်မှတ်ဖြင့် အခွန်ငွေပေးသွင်းမှုအစား ပိုမိုလွယ်ကူလျင်မြန်ပြီး လုံခြုံမှုရှိသည့် အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြင့်သာ လက်ခံကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

၇။   အခွန်ထမ်းများအနေဖြင့် သိရှိလိုသည်များရှိပါက

(က)

အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်)

ရုံးအမှတ်(၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊နေပြည်တော်

ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂

(ခ)

အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်)

အမှတ်- ၅၉/၆၁ (ပထမထပ်)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂

(ဂ)

သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ (e-Payment Section)

အမှတ် ၅၆၉/၅၇၇၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁    သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

 

ပြည်တွင်းအခွန်များဦးစီးဌာန