ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများ MPU Debit Card ကိုအသုံးပြု၍ Online မှအခွန်ပေးဆောင်နိုင်ပါကြောင်း အသိပေးကြေညာခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ပေးဆောင်မှု အဆင့်များတွင် လွယ်ကူမြန်ဆန်စေရန်ရည်ရွယ်၍ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ် အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများမှ ကုမ္ပဏီအခွန်ထမ်းများ၏ အခွန်ပေးဆောင်ခြင်းကို အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းများဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ယက်စနစ် CBM-Net မှတစ်ဆင့် လည်းကောင်း၊ MPU Debit Card ကိုအသုံးပြု၍ Online မှလည်းကောင်း ပေးဆောင်နိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
၂။ ထို့ပြင် တစ်ဦးချင်းပုဂ္ဂိုလ် အခွန်ထမ်းများအနေဖြင့် မိုဘိုင်းငွေပေးချေမှုနည်းလမ်း ၊ MPU E-Commerce ကိုအသုံးပြု၍ ငွေပေးချေမှု နည်းလမ်းစသည့် အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းများဖြင့် အခွန်ပေးဆောင်နိုင်ရန် အဆင့်လိုက်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
၃။ ယခုအခါ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လ ၇ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၃၁) ရုံးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၅) ရုံးတို့တွင် အခွန်ထမ်းဆောင်လျက်ရှိသော တစ်ဦးချင်းပုဂ္ဂိုလ် အခွန်ထမ်းများ အနေဖြင့် E-Commerce ဖွင့်လှစ်ထားသော MPU Debit Card ကို အသုံးပြု၍ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm ၏ Start Your Tax Online Payment မှတစ်ဆင့် အခွန်ပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။
၄။ MPU Debit Card ကိုအသုံးပြု၍ အခွန်ပေးသွင်းပြီးပါက စနစ်မှ အခွန်ပေးသွင်းသူထံသို့ Transaction Successful ဖြစ်ကြောင်း E-mail ကနဦးပေးပို့မည်ဖြစ်ပြီး သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများတွင် အခွန်ငွေလက်ခံရရှိပြီးပါက ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေ ပေးသွင်းပြီးကြောင်း အထောက်အထား [ပတခ(e-payment)] ကိုအခွန်ထမ်းထံသို့ ပေးပို့အကြောင်းကြားမည် ဖြစ်ပါသည်။
၅။ အခွန်ထမ်းများအနေဖြင့် အီလက်ထရောနစ်နည်းဖြင့် အခွန်ပေးသွင်းခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ဝင်ရောက်ကြည့်ရှု၍လည်းကောင်း၊ ပြန်ကြားရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်-၄၆၊ နေပြည်တော်၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ (e-Payment Section) ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ နှင့် သက်ဆိုင်ရာအခွန်ရုံးများသို့လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
Attachments