ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အခွန်ထမ်းပြည်သူများသို့ အသိပေးချက်
၁။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တိုးတက်မှုရှိလာစေရေး အားပေးမြှင့်တင်ရန်အလို့ငှာ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေများ အတွက် သက်ညှာသောအခွန်နှုန်းများဖြင့် သတ်မှတ်ပြဋ္ဌာန်းခဲ့ပါသည်။
၂။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ကျဆင်းလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများကို ကုစားနိုင်ရန်နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်နိုင်ရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေကို ပြင်ဆင်သည့်ဥပဒေဖြင့် စည်းကြပ် မှုမှလွတ်ကင်းနေ သော ဝင်ငွေအလွှာသတ်မှတ်ချက်များကို ပြင်ဆင်သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါသည်။
၃။ ဥပဒေအရသက်ညှာပေးထားသည့် အခွန်နှုန်းထားနှင့် ဝင်ငွေအလွှာသတ်မှတ်ချက်တို့သည် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဂ) အရ ၃၁-၃-၂၀၂၂ ရက်နေ့အထိသာ အကျိုးသက်ရောက်မည်ဖြစ်ပါသည်။
၄။ စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေပေါ်ပေါက်နေသူ အခွန်ထမ်းပြည်သူများအနေဖြင့် ဥပဒေအရသက်ညှာပေးထားသည့် အခွန်နှုန်းထား နှင့်ဝင်ငွေအလွှာသတ်မှတ်ချက်တို့ကို ၃၁-၃-၂၀၂၂ ရက်နေ့အထိသာ ခံစားခွင့်ရှိမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာအခွန်ရုံးများနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန