ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
၁။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ဥပဒေနှင့်အညီ အခွန်စည်းကြပ်မှုများဆောင်ရွက်ရာတွင် မှန်ကန်တိကျပြီး၊ မျှတသော အခွန်စည်းကြပ်မှုဖြစ်စေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ နှင့်အညီ အခွန် တာဝန်ကျေပွန်စွာ ထမ်းဆောင် နေကြသော အခွန်ထမ်းပြည်သူများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် အထူးအလေးပေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ အခွန်ထမ်းတစ်ဦးသည် နှစ်တစ်နှစ်အတွက် သတ်မှတ်ထားသည့်ကာလများ၌ ပေးဆောင်ရန် တာဝန်ရှိသည့် အခွန်အကောက်များကို ပေးသွင်းရန်တာဝန်ရှိသကဲ့သို့ ယင်းပေးဆောင်ထားသည့် အခွန်မှပြန်အမ်းငွေပေါ်ပေါက်ပါက ဥပဒေနှင့်အညီ ပြန်အမ်းငွေထုတ်ပေးရန် လျှောက်ထားတောင်းခံပိုင်ခွင့်ရှိပါသည်။ အခွန်ထမ်းပြည်သူများအနေဖြင့် မိမိတို့၏အခွင့်အရေးကို ပြည့်ဝစွာသိရှိခံစားနိုင်ရေးအတွက် ပြန်အမ်းငွေရပိုင်ခွင့်၊ ပြန်အမ်းငွေထုတ်ပေးခြင်းတို့နှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်များ ပြုစုဖြန့်ဝေခြင်းနည်းလမ်းဖြင့် အခွန်ပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အခွန်ထမ်းပြည်သူများနစ်နာမှုမရှိစေရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါသည်။
၃။ သို့ပါ၍ အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်ကြေညာလွှာတင်သွင်း၍ စည်းကြပ်မှုခံယူပြီးနောက် ပေးဆောင်ထားသည့် အခွန်ပမာဏသည် စည်းကြပ်ထိုက်သည့်ပမာဏ သို့မဟုတ် ပေးဆောင်ရန် တာဝန်ရှိသည့် အခွန်ပမာဏထက် ကျော်လွန်ပါက အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ နှင့်အညီ ပြန်လည်တောင်းခံပိုင်ခွင့်ရှိပါသည်။ အဆိုပါ အခွန်ပြန်အမ်းငွေကို မှန်ကန်မြန်ဆန်စွာ ပြန်လည်ရရှိနိုင်ရေး ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အလေးထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန
Attachments