အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)
Answer
ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ဒ) အရ အခြေပစ္စည်းမှမြတ်စွန်းငွေဆိုသည်မှာ အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုလုပ်၍ ရရှိသောမြတ်စွန်းငွေကိုဆိုလိုသည်။ လွှဲပြောင်းခြင်းဆိုရာ၌ အမွေဆက်ခံခြင်းနှင့် အဖိုးစားနားမပါဘဲ မေတ္တာဖြင့်ပေးကမ်းခြင်း၊ လှူဒါန်းခြင်းတို့မပါဝင်စေရဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၈ အရ မည်သူမဆို နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းဖြစ်သည့် ရွှေ့ပြောင်းနိုင်သည့် ယာဉ်၊ အစုရှယ်ယာ၊ မ-တည်ပစ္စည်းအစရှိသည်တို့နှင့် မရွှေ့ပြောင်းနိုင်သည့် အိမ်၊ မြေ၊ အဆောက်အဦး၊ မ-တည်ပစ္စည်း အစရှိသည်တို့ကို တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်လျှင် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း အခြေပစ္စည်း တန်ဖိုးစုစုပေါင်းသည် ကျပ်သိန်း ၁၀၀ ထက်ကျော်လွန်ပါက အခြေပစ္စည်းမှ မြတ်စွန်းငွေခေါင်းစဉ်ဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၆-က ပုဒ်မခွဲ (ခ) အရ အခြေပစ္စည်းမှ မြတ်စွန်းငွေခေါင်းစဉ်ဖြင့် အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ် ကျသင့် အခွန်ကို ခန့်မှန်းတွက်ချက်ပေးသွင်းရမည် ဟုပြဋ္ဌာန်းထားပြီး ဝင်ငွေခွန် နည်းဥပဒေ ၅ နည်းဥပဒေခွဲ (က) အရအခြေပစ္စည်းမှမြတ်စွန်းငွေ ဝင်ငွေကြေညာလွှာကို အခြေပစ္စည်း ရောင်းချခြင်း၊ လဲလှယ်၊ လွှဲပြောင်းသည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်းတင်သွင်း ရမည်ဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ထားသည့်နေ့ရက်အတွင်း ကြေညာလွှာတင်သွင်း ရန် ပျက်ကွက်ခြင်းဖြစ်ပါက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၇ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) နှင့် (၂) အရ အောက်ပါ ဒဏ်ကြေးငွေနှစ်ရပ်အနက်မှ များရာ ဒဏ်ကြေးငွေကို ပေးဆောင်ရမည်-
(၁) ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်း အပြင် တင်သွင်းရန် သတ်မှတ် ထားသည့်နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ် သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက် နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊
(၂) ကျပ်တစ်သိန်း၊
သတ်မှတ်နေ့ရက်အတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်းအတွက် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄ ပုဒ်မခွဲ (ခ) အရ မည်သူမဆို အခွန်ဥပဒေတစ်ရပ်ရပ်နှင့်အညီ အရစ်ကျပေးဆောင်ရမည့် အခွန်အားလုံးကိုဖြစ်စေ၊ ယင်း၏အစိတ်အပိုင်းကိုဖြစ်စေ အဆိုပါအရစ်အတွက် ပေးဆောင်ရန် သတ်မှတ်ရက်အတွင်းပေးဆောင်ရန်ပျက်ကွက် ပါက ပေးဆောင်ခြင်းမရှိသေးသည့်အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသည့်ပမာဏကို နောက်ကျပေးသွင်းမှုအတွက် ဒဏ်ကြေးငွေအဖြစ်ပေးဆောင်ရမည်။ ထို့အပြင် အခွန်ထမ်း ကိုယ်တိုင်အခွန်စည်းကြပ်မှုခံယူသည့် အခွန်ထမ်းဖြစ်ပါက အခြေပစ္စည်း ရောင်းချခြင်း၊ လဲလှယ်၊ လွှဲပြောင်းခြင်း အားလုံးအတွက်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးပြီး (၃) လ အတွင်း စုပေါင်းတင်သွင်းသည့် အခြေပစ္စည်းမှမြတ်စွန်းငွေ ဝင်ငွေကြေညာလွှာ ကိုလည်း တင်သွင်းရမည်ဖြစ်ပါသည်။
Question
အခြေပစ္စည်းမှမြတ်စွန်းငွေအကြောင်းသိရှိလို၍မေးမြန်းခြင်း