ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဉပဒေကို ပြင်ဆင်သည့်ဉပဒေအရ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ် အခွန်စည်းကြပ်သည့်ကိစ္စများဆောင်ရွက်ရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းတင်ပြခြင်း အစီအစဉ်ကို နေပြည် တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၈-၆-၂၀၂၁ ရက်နေ့ ၁၅:၃၀ နာရီ၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးများ၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(ရန်ကုန်၊မန္တလေး)နှင့် ပြန်ကြားရေးအဖွဲ့(နေပြည်တော်) တို့တက်ရောက်ခဲ့ပါ သည်။
အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်စည်းကြပ်သည့် ကိစ္စများဆောင်ရွက်ရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် စပ်လျဉ်း၍ ဒေါ်ခင်ယမုန်အောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် ဥပဒေရေးရာ) ကရှင်းလင်းတင်ပြခဲ့ပါသည်။ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းမှာကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ၁၇:၃၀ တွင်ရပ်နားခဲ့ပါသည်။