ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
နေပြည်တော်၊ မေ လ ၂၆
လစာဝင်ငွေခွန်နုတ်ယူပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ် ပတခ(ဝင)-၁၅(က) နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအား ၂၆-၅-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ (Multi Hall) ၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်းမှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အခွန်ဆိုင်ရာကြီးကြပ်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဇင်က လစာဝင်ငွေခွန်နုတ်ယူပေးသွင်းသူ (ငွေထုတ်သူအရာရှိ/ တာဝန်ခံအရာရှိ)များအနေဖြင့် လစာဝင်ငွေခွန်နုတ်ယူခြင်းခံရသူများအား ထုတ်ပေးရမည့် လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ် (PAYE Certificate) ပတခ (ဝင)-၁၅ (က) အသုံးပြုထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများမှ ဌာနမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီး ဌာနမှူးများ၊ အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံးနှင့် အခွန်ထမ်းဝန်ဆောင်မှုရုံး (မန္တလေး) တို့မှ တာဝန်ခံအရာရှိများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန (၁၂) ခုမှ တာဝန်ရှိသူများနှင့် အခြားဝန်ကြီးဌာနများ၏ ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။