ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Aug 19, 2025 IRD Admin

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

နေပြည်တော်ဩဂုတ်၁၈

 

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်အရပ်ရပ် လျာထား ချက်များ ပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပရာ အစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူးများ၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ပြည်ထောင်စု၏ အခွန်အကောက်ဉပဒေကို နှစ်စဉ်ပြဋ္ဌာန်းလျက်ရှိပြီး၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ၂၀၂၅ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဉပဒေကို မတ်လ ၃၁ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ နှစ်စဉ် တိုးမြင့်လာသောအသုံးစရိတ်များ ကာမိနိုင်စေရန် အခွန်လျာထားချက်များကို ပြည့်မီကျော်လွန်အောင် ကောက်ခံရန်လိုအပ်ပါကြောင်း၊ ယင်းသို့ ကောက်ခံကြရာတွင် သက်ဆိုင်ရာအခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံခြင်းမပြုဘဲ အခွန်အခြေ ချဲ့ထွင်ခြင်း၊ အခွန်ပေးဆောင်ရန် လွတ်ကင်းနေသည့်လုပ်ငန်းများကို တိုးမြှင့်ရှာဖွေခြင်းပြုလုပ်ရန် လိုအပ်ကြောင်း၊ အခွန်ရငွေများဖြင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများအတွက် အသုံးစရိတ် များကို တိုးမြှင့်သုံးစွဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့ဖြစ်ရာ သက်ဆိုင်ရာအခွန်ဉပဒေများအရ နိုင်ငံတော်သို့ ပေးဆောင်သင့်၊ ပေးဆောင်ထိုက်သည့် အခွန်များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများ အတွက် ပိုမိုသုံးစွဲနိုင်ရန် အခွန်ထမ်းပြည်သူများ သိရှိနားလည်သဘောပေါက်လာအောင် အခွန် ပညာပေးလုပ်ငန်းများကို အခွန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားပေးရန် လိုအပ် ပါကြောင်း၊ ရသင့်ရထိုက်သည့်အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိအောင် ကောက်ခံကြရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သို့မှသာ အခွန်ပေးဆောင်သူ ပြည်သူများက မိမိတို့ ပေးဆောင်လိုက်သည့် အခွန်ငွေများသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အဓိကထားသုံးစွဲနေကြောင်းကို နားလည်လက်ခံလာကြမည်ဖြစ်ပြီး အခွန်ရုံးများအပေါ် ပိုမိုယုံကြည် လာကြမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ သက်ဆိုင်ရာအခွန်မှူးများအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကောက်ခံရန်လျာထားသည့် အခွန်အရပ်ရပ်လျာထားချက်များ ပြည့်မီကျော်လွန်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းကြိုးပမ်းကောက်ခံပေးကြရန်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူးများ၊  အခွန်ထမ်းကြီး များဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူးများက လက်ရှိအခွန် ကောက်ခံရရှိမှုအခြေအနေများနှင့် လျာထားချက်များအတိုင်း ဆက်လက်ကောက်ခံဆောင်ရွက်သွား မည့်အခြေအနေများကို တင်ပြကြပြီး အစည်းအဝေးပထမနေ့ကို (၁၇:၃၀) နာရီတွင် ရပ်နားခဲ့ပါသည်။ အစည်းအဝေးဒုတိယနေ့ကို ဩဂုတ်လ ၁၉ ရက်နေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။