ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Oct 08, 2025 IRD Admin

မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော် ၊ အောက်တိုဘာလ ၃

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၈၅)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၌ ကျင်းပရာ အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ များ  တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင် အခွန်ဆိုင်ရာမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့်စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ခေတ်နှင့်အညီပြုပြင်ပြောင်းလဲနေသည့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၊ စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာစာရင်းစစ်ဆေးခြင်း၊ ICT နည်းပညာကိုအသုံးပြု၍ အခွန်စည်းကြပ်ကောက်ခံခြင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များ၊ လက်တွေ့လုပ်ငန်းတွင် တွေ့ကြုံရမည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်သည့်နည်းလမ်းများကို လက်တွေ့နှင့်စာတွေ့ ပေါင်းစပ်ပြီး ရက်သတ္တ()ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးများ အနေဖြင့် အရည်အသွေးနှင့်စွမ်းဆောင်ရည်ပြည့်ဝစေရန်၊ ရုံးလုပ်ငန်းစီမံခန့်ခွဲမှုအရည်အချင်းများ တိုးတက်မြင့်မားလာစေရန်နှင့် အခွန်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များတွင် ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချ ပေးနေခြင်းဖြစ်ကြောင်း၊ ထိုနည်းတူစွာ နိုင်ငံသားတိုင်း၊ အခွန်ထမ်းပြည်သူတိုင်းသည် အခွန်ကို တာဝန်တစ်ရပ်အနေဖြင့် ထမ်းဆောင်ရမည်ဆိုသည့် အသိပညာပေးရေးကိုလည်း အမြဲတမ်း ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ထို့ပြင် အခွန်၏အခြေခံမူများ (Principles of Taxation) ဖြစ်သည့် ထိရောက်မှုရှိရေး (Efficiency)၊ အဆင်ပြေစွာပေးဆောင်နိုင်ရေး (Convenience)သေချာမှုရှိရေး (Certainity)နှင့် မျှတမှုရှိရေး (Fairness)ကိုလည်း အလေးအနက်ထား လိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာန၏လုပ်ငန်းတာဝန်များ ပြီးမြောက်ရန် တစ်ဦးတစ်ယောက် တည်းဖြင့်ဆောင်ရွက်၍မရဘဲ စုပေါင်းအားဖြင့် ဆောင်ရွက်ရသည်ဖြစ်၍ သင်တန်းမှရရှိခဲ့သော အသိပညာနှင့်ဗဟုသုတများကို လုပ်ဖော်ကိုင်ဖက်များအား လက်ဆင့်ကမ်းပြန်လည်မျှဝေပေးပြီး ဦးစီးဌာနနှင့်ဝန်ကြီးဌာနအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မြို့နယ် အခွန်ဦးစီးဌာနမှူးများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများတွင် အခွန်စည်းကြပ်ကောက်ခံမှု လုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်နေကြသူများဖြစ်၍ အခွန်ငွေများအား လျာထားချက် ပြည့်မီကျော်လွန်စွာကောက်ခံနိုင်ရေးအတွက် အားထုတ်ကြိုးပမ်းကြစေလိုကြောင်း၊  တစ်ဖက် တွင်လည်း အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာကိစ္စရပ်များ သိရှိနားလည်သဘောပေါက် လာအောင် အသိပညာပေး စည်းရုံးဆောင်ရွက်သွားကြရန် မှာကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ခဲ့ပါသည်။ ယခုဖွင့်လှစ်ခဲ့သည့်သင်တန်းသို့ ပြည်တွင်း အခွန်များဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၄၆) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တရှစ်ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။