၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးခြင်း

နေပြည်တော် စက်တင်ဘာလ ၃

၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းပါကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁)ဦးခင်မောင်ဝင်း၊ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ တို့မှ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှတာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဥပဒေနှင့်မူဝါဒရေးရာ)နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။