ပြည်ထောင်စု၏အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြု ဦးစီးကော်မတီအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော် ဇန်နဝါရီလ ၁၈

   ပြည်ထောင်စု၏ အခွန်ဘဏ္ဍာငွေ တိုးတက်ရရှိရေးအထောက်အကူပြု ဦးစီးကော်မတီ အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်အညီ အကောင်အထည်‌ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၂၆၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင်၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးများ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြပြီး အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေးအတွက် ဒေသအလိုက် အထောက်အကူပြုအဖွဲ့များဖြင့် အခွန်အခြေချဲ့ထွင်နိုင်ရေး၊ အခွန်ပေးဆောင်ထိုက်သူများ ဥပဒေနှင့်အညီ လွတ်ကင်းကြွင်းကျန်မှုမရှိ ပေးသွင်းနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။