၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အခွန်လျာထားချက် ပြည့်မီကျော်လွန်စွာကောက်ခံရရှိရေးအတွက် အစိုးရဌာနအဖွဲ့အစည်းများနှင့် မိတ်ဖက်အသင်းအဖွဲ့များထံမှရရှိသည့် သတင်းစာရင်းအချက်အလက်များပေါ်မူတည်၍ အခွန်စည်းကြပ်ကောက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော် ဒီဇင်ဘာလ ၂၆

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၆-၁၂-၂၀၁၈ ရက်နေ့ နံနက် ၉:၃၀ နာရီ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ယူကောက်ခံလျက်ရှိသည့် အခွန်အရပ်ရပ်လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေးအတွက် အစိုးရဌာနအဖွဲ့အစည်းများနှင့် မိတ်ဖက်အသင်းအဖွဲ့များထံမှ သတင်းစာရင်းအချက်အလက်များအား ပေါင်းစပ်ညှိနှိုင်းတောင်းခံခြင်း၊ ရရှိသည့် သတင်းစာရင်းအချက်အလက်များပေါ်မူတည်၍ အခွန်စည်းကြပ်ကောက်ခံမှုများ ဆောင်ရွက်ခြင်း၊ သတင်းစာရင်းအချက်အလက်များ ယခုထက်ပိုမိုရရှိရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

   အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်တွင်းအခွန်များ၏ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ) ဦးကျော်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်မူဝါဒ) ဦးဇေယျကြည်ညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၃) နှင့်  ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးများမှ ဒုတိယတာဝန်ခံများ ဖြစ်သည့် ဒုတိယညွှန်ကြားရေးမှူးများ/ လက်ထောက်ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။