ကုမ္ပဏီမှ အစိုးရအဖွဲ့အစည်းနှင့် ဆောင်ရွက်သည့်လုပ်ငန်းအပေါ် တင်ဒါအောင်မြင်သူ များ အနေဖြင့် နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (က) ပါ ကုန်စည်များ၊ ပုဒ်မခွဲ (ဃ) ပါဝန်ဆောင်မှုများအတွက် တင်ဒါရရှိခြင်းဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် မလိုအပ်ပါ။ အဆိုပါ ကုန်စည်နှင့် ဝန်ဆောင်မှုများမှအပ ကျန်ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် တင်ဒါရရှိခြင်း ဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန် ၅% ပေး ဆောင်ရမည်ဖြစ်ပါသည်။ စာချုပ်တန်ဖိုးအရ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို တင်ဒါ အောင်မြင်သူအမည်ဖြင့် သက်ဆိုင်ရာအခွန်စည်းကြပ်မှုခံယူသည့်ရုံးတွင် ပေးသွင်း ရမည် ဖြစ်ပါသည်။

ကုမ္ပဏီပိုင်မြေအား ရောင်းချပါက ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန်မလိုပါ။ ဝင်ငွေခွန် ဖြစ်သော အခြေပစ္စည်းမှ မြတ်စွန်းငွေခေါင်းစဉ်ဖြင့် မြတ်စွန်းငွေရရှိလျှင် ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၇ အရ မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ်တွင် ဝင်ငွေခွန်ဥပ‌ဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု ၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) အရ ပုဂိ္ဂုလ်စုများ သို့မဟုတ် တစ်ဦးချင်းပုဂိ္ဂုလ်ဖြစ်ပါက မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် ၁၀% ဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝင်ငွေခွန်နည်းဥပဒေ ၅(က) အရ အခြေပစ္စည်းကို ရောင်းချ၊ လဲလှယ်ခြင်း ပြုလုပ်သည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝင်ငွေကြေညာလွှာကို သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည် ဖြစ်ပါသည်။

မြေငှါးရမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) တွင် ဖော်ပြထားသော ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစား (၃၃) မျိုးတွင် မပါဝင်သောကြောင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။ ပြည်တွင်း၌ဆောင်ရွက်သည့် ဝန်ဆောင်မှုလုပ်ငန်းများမှ ရငွေအပေါ် တွင် ပုဒ်မခွဲ (င) အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်မီရငွေနှင့်အတူ ဝန်ဆောင်မှုကို ရယူသူထံမှ အခွန်ကိုတစ်ပါတည်းကောက်ခံပြီး ပေးဆောင်ရမည် ဖြစ်ရာ မြေငှါးရမ်းခြင်းဝန်ဆောင်မှု လုပ်ငန်းမှ ဝန်ဆောင်မှုဆောင်ရွက်သူ(မြေပိုင်ရှင်) သည် ဝန်ဆောင်မှုကိုရယူသူ(ငှါးရမ်းသူ) ထံမှ အခွန်ကိုတစ်ပါတည်းကောက်ခံပြီး ပေးဆောင်ရမည်ဖြစ်ပါသည်။

ကုမ္ပဏီမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သော ပြည်ပနိုင်ငံသို့ အလုပ်သမားများပို့ဆောင်ခြင်းဝန်ဆောင်မှုအပေါ် ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန် အကောက်ဥပ‌ဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) ပါ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှု အမျိုးအစား (၃၃) မျိုးတွင် မပါဝင်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့် မည်ဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅(ခ) အရ ဝန်ဆောင်မှု ဆောင်ရွက်သူသည် ဝန်ဆောင်မှုရငွေနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန်ကို ဝန်ဆောင်မှု ရယူသူထံမှ တစ်ပါတည်းကောက်ခံ၍ ပေးသွင်းရမည်ဖြစ်ပါသည်။

ကုမ္ပဏီမှ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ‌ ဆောင်ရွက်ပါက ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) ၏ စဉ် (၂၁) တွင် “ဘဏ်နှင့် ဗဟိုဘဏ်မှခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသော ငွေရေးကြေးရေး ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်း” ဟု ဖော်ပြထားပါသဖြင့် ယင်းလုပ်ငန်းနှင့် အကျုံး ဝင်ပါက ကုန်သွယ် လုပ်ငန်းခွန်မကျသင့်ပါ။ အခြားလုပ်ငန်းများဖြစ်ပါက ပြည်ထောင် စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (င) အရ အခြားဝန်ဆောင်မှု လုပ်ငန်းများမှ ရငွေအပေါ်တွင် ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ် လုပ်ငန်းခွန် ကျသင့်မည် ဖြစ်ပါသည်။

ကုမ္ပဏီမှ ပြည်တွင်းရှိ ဂျပန်သံရုံးဝန်ထမ်းများအား အမှတ်တရပစ္စည်းများဖြစ်သော စာအုပ်၊ သော့ချိတ် စသည်ပစ္စည်းများရောင်းချပါက ကုန်သွယ်လုပ်ငန်းခွန်နှင့် စပ်လျဉ်း၍ ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) တွင် ဖော်ပြ ထားသော ကုန်စည် (၄၆) မျိုးမှအပ ကျန်ကုန်စည်းများ ဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ သို့ရာတွင် အမေရိကန်ဒေါ်လာ ၅၀ နှင့်အထက် သို့မဟုတ် ၎င်းတန်ဖိုးနှင့် ညီမျှသော မြန်မာကျပ်ငွေနှင့်အထက် ပြည်တွင်းတွင် ကုန်စည်ဝယ်ယူခြင်း နှင့် ဝန်ဆောင်မှုရယူခြင်း တို့အတွက်ပေးဆောင် ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ပြန်အမ်းငွေ လျှောက်ထားလိုသူသည် နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ လျှောက်ထား ထုတ်ယူနိုင် ပါသည်။ မြန်မာနိုင်ငံအခြေစိုက်နိုင်ငံခြားသံရုံးများ နှင့် သံရုံးဝန်ထမ်းများ ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်များအတွက် ပြန်အမ်းငွေ တောင်းခံသည့် လျှောက်လွှာ ပုံစံဖြစ်သော ပတခ(ကသခ)-၀၆-၀၂(က) ဖြင့် လျှောက် ထားနိုင် မည်ဖြစ်ပါသည်။

ကုမ္ပဏီ၏ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသေး၍ ကုန်သွယ်လုပ်ငန်းခွန်နှင့် စပ်လျဉ်း၍ မှတ်ပုံတင်ထားခြင်း မရှိသော်လည်း ပစ္စည်းဝယ်ယူခြင်းအတွက် ပစ္စည်း တန်ဖိုးနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန် ၅% ပေးဆောင်ခဲ့ရခြင်းအတွက် စရိတ်အဖြစ် ခုနှိပ်ခွင့်ကိုခံစားလို ပါက ပစ္စည်းရောင်းချသူတွင် ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင် ပတခ(ကသခ)-၀၁-၀၂၊ ယခင် ပတခ(ကသခ)-၂ ကို ရယူထားပြီးဖြစ်ရန် လိုအပ်မည်။ ဝယ်ယူသူမှာလည်း ရယူထားမှသာ ရောင်းချသူမှ ပစ္စည်းဝယ်ယူသူသို့ ပစ္စည်းဝယ်ယူရာတွင် ပေးဆောင်ခဲ့ ရခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင် ခဲ့ကြောင်း အထောက်အထားအဖြစ် ပတခ(ကသခ)-၀၅-၀၁ ယခင် ပတခ(ကသခ)-၃၁ ကို ထုတ်ပေးနိုင်မည်ဖြစ်ပြီး ဝယ်ယူသူမှ လက်ခံရရှိသည့် ပတခ(ကသခ)-၃၁ သို့မဟုတ် ပတခ(ကသခ)-၀၅-၀၁ ကို အထောက်အထားအဖြစ် တင်ပြ၍ စရိတ်အဖြစ်သော်လည်းကောင်း၊ အခွန် ကျသင့်ခြင်းဖြစ်ပါက အခွန်ခုနှိမ်ခွင့် သော်လည်ကောင်း ခံစားခွင့်ရရှိမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု၏ အခွန် အကောက် ဥပ‌ဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (ခ) ၏ ရှင်းလင်းချက် (၂) ဖော်ပြချက်မှာ ကုန်သွယ်လုပ်ငန်းခွန် မည်သို့ပင် ပြဋ္ဌာန်း ပါရှိစေကာမူ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ စည်းကြပ်ထိုက်သည့်ရောင်းရငွေ၊ ရငွေရရှိမည့်သူ သို့မဟုတ် ကုန်သွယ်လုပ်ငန်း ခွန်ခုနှိမ်ခွင့် ခံစားလိုသူ မည်သူမဆို မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည်ဟု ဖော်ပြ ထားသဖြင့်လုပ်ငန်း မှတ်ပုံတင် လက်မှတ် လျှောက်ထားရယူထားရမည်ဖြစ်ပါသည်။

ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ရာတွင် နှစ်တစ်နှစ်အတွင်း ရောင်းရငွေကျပ်သိန်း ၅၀၀ မကျော်သော်လည်း ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်လျှောက်ထားခဲ့ပါက လိုက်နာ ကျင့်သုံးရန် သတ်မှတ်ချက် ၂/၂၀၂၂ ၏ အပိုဒ် (၁၂) အရနှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သည့် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေရှိသူ သို့မဟုတ် ဆန္ဒအလျှောက်မှတ်ပုံတင်သူများ အနေဖြင့် ကျသင့်အခွန်ကို ကောက်ခံ ပေးဆောင်ခြင်း၊ သုံးလတစ်ကြိမ်ကြေညာလွှာနှင့် နှစ်ချုပ်ကြေညာလွှာ တင်သွင်း ခြင်းတို့ကို ကုန်သွယ် လုပ်ငန်းခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ ဤသို့ ဆောင်ရွက်သူများအနေဖြင့် အခွန်ခုနှိမ်ခံစားခွင့်၊ ပြန်အမ်းငွေတောင်းခံခွင့်တို့ကို ရရှိနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် မှတ်ပုံတင်ထားခြင်း မရှိသူများအနေဖြင့် အဆိုပါခံစားခွင့်များကို ရရှိနိုင်မည်မဟုတ်ပါ။ သို့ရာတွင် နှစ်တစ်နှစ် အတွင်း ရောင်းရငွေ ကျပ်သိန်း ၅၀၀ ကျော်လွန်ခြင်းမရှိသည့်အတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန်မလိုပါ။ အခွန်ခုနှိမ်ခံစားလိုသောကြောင့်ဖြစ်စေ၊ လုပ်ငန်းသဘော သဘာဝအရ လိုအပ်ချက်ကြောင့်ဖြစ်စေ၊ မှတ်ပုံတင်ခြင်းကို မိမိဆန္ဒအလျောက် ဆောင်ရွက်မည်ဆိုပါက အခွန်ကောက်ခံပေးခြင်း၊ ကြေညာလွှာ တင်သွင်းခြင်းတို့ကို မဖြစ်မနေလိုက်နာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

ကုမ္ပဏီမှ အစိုးရပိုင်မြေအား နှစ်ရှည်ငှါးရမ်း၍ အဆောက်အအုံဆောက်လုပ်ခြင်းမှ တိုက်ခန်းရောင်းရငွေအပေါ်တွင် ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (စ) အရ မည်သူမဆို နိုင်ငံပိုင်မြေအား နှစ်ရှည်ငှါးရမ်း၍ဖြစ်စေ၊ နိုင်ငံတော်နှင့်အကျိုးတူပူးပေါင်း၍ဖြစ်စေ၊ ပုဂ္ဂလိကပိုင်မြေတွင်ဖြစ်စေ၊ မြေပိုင်ရှင်နှင့် အကျိုးတူပူးပေါင်း၍ဖြစ်စေ အခြေခံအဆောက်အအုံးအား တည်ဆောက်ပြုပြင် ရောင်းချခြင်းမှရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့် မည်ဖြစ်ပါသည်။

ကုမ္ပဏီမှ ကုန်သွယ်လုပ်ငန်းခွန်ခုနှိမ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ ပေးဆောင်ခဲ့ ရသော ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ခွင့်ရရန် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင် ခဲ့သော သက်သေခံလက်မှတ်ဖြစ်သော ပတခ(ကသခ)-၀၅-၀၁(ယခင် ကသခ-၃၁) နှင့်အတူ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂၊ စည်းမျဉ်းခွဲ (ည) အရ ခုနှိမ်ပြီးကြောင်း တင်ပြလွှာ ပတခ(ကသခ)-၀၅-၀၃ ယခင် ပတခ(ကသခ)-၃၃ တို့ဖြင့် တင်ပြရမည်ဖြစ်ပါသည်။

ကုမ္ပဏီသည် ပြည်တွင်းမှဝယ်ယူသောကုန်စည်များအတွက် ကုန်စည်တန်ဖိုးနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့်သတ်မှတ်ပုံစံဖြစ်သော ယခင် (ကသခ)-၃၁ ယခု ပတခ(ကသခ)-၀၅-၀၁ ပုံစံအား အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၇(က) အရ ကုမ္ပဏီက လိုအပ်သည့် စာရင်းဇယားနှင့် အထောက်အထား များကို မှတ်တမ်းများထိန်းသိမ်းထားရန် ကုမ္ပဏီအတွင်းရေးမှူး သို့မဟုတ် ယင်း ကုမ္ပဏီ၏ အခြားအရာထမ်းတစ်ဦးကို ခန့်အပ်တာဝန်ပေးရမည်ဖြစ်သောကြောင့် ကုမ္ပဏီက တာဝန်ပေးအပ်ထားသော အရာထမ်းတစ်ဦးမှ လက်မှတ်ရေးထိုးရမည် ဖြစ်ပါသည်။